မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တောင်ကလေးရဲစခန်းမှ ချောင်းနှစ်ခွသို့ တပ်ကူလာသော စစ်ကောင်စီတပ်များကို PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ BGF စစ်ကြောင်းမှူးနှင့် စစ်ကောင်စီဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း နဂါးနီစစ် ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။
တပ်ကူလာသည့် စစ်ကြောင်းကို နိုဝင်ဘာ ၂၇ ရက်၊ နေ့လည် ၁၂ နာရီအချိန်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်၊ အကျအဆုံးများလာသဖြင့် ညနေ ၄ နာရီခွဲအချိန်တွင် ပြန် လည်ဆုတ်ခွာသွားကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ သူတို့ဘက်က တက်လာတဲ့ အင်အားက ၁၀၀ ဝန်းကျင်ရှိမယ်။ BGF နဲ့ စကစ အင်အား နှစ်ခုပေါင်းပေါ့။ ချောင်းနှစ်ခွမှာတော့ တိုက်ပွဲဖြစ်နေတုန်းဘဲ။ ကျိုက်မရောမြို့နယ်တစ်ခွင်တော့ ရှေ့လျှောက်တိုက်ပွဲ ပိုပြင်းထန်လာဖို့ရှိတယ်” ဟု နဂါးနီစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူးက ပြောသည်။
အဆိုပါ တိုက်ပွဲအပြီးတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦးနှင့် နယ်ခြားစောင့်တပ်-BGF၊ တပ်နယ် ၄ စစ်ကြောင်းမှူး ဗိုလ်မှူးနော်တယာအပါအဝင် စစ်သား ၁၁ ဦးသေဆုံးပြီး လက်နက်ငယ်မျိုးစုံ ၁၅ လက် သိမ်းဆည်းနိုင်ခဲ့သည့်အပြင် စစ်သား ၄ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်းလည်း သိရှိရသည်။
“ အခက်အခဲတွေကတော့ မရှိသလောက်ပါပဲ။ အခုအချိန်မှာ တစ်နိုင်ငံလုံး တော်လှန်ရေးအရှိန်မြှင့်နေတဲ့ ကာလလည်း ဖြစ်တဲ့အတွက် တော်လှန်ရေးရဲဘော်အားလုံး စိတ်ဓာတ်အမြှင့်ဆုံးအနေအထားမှာ ရှိပါ တယ်” ဟု နဂါးနီစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူးက ဆက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော နဂါးနီစစ်ကြောင်း၊ Federal Wings တပ်ဖွဲ့နှင့် KNLA တပ်ရင်း(၁၆) တို့ပူးပေါင်းကာ တပ်ကူလာသော စစ်ကောင်စီအောက်ရှိ တပ်မ (၂၂)၊ တပ်မ(၄၄)၊ အမှတ် (၄) တန်းမြှင့်လေ့ကျင့်ရေးသင်တန်းသားထုတ်နှုတ်များ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ပူးပေါင်းစစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်းလည်း သိရသည်။
“ ကျွန်တော်တို့ အခုရှေ့တန်းရောက် ရဲဘော်တွေအတွက် အဓိကဦးစားပေး လုပ်ဆောင်ပေးနေတယ်။ တစ်ရက်ကို ထမင်းထုပ်တွေနဲ့ အခြားရိက္ခာ၊ စက်သုံးဆီ စသဖြင့် လိုအပ်တာ ရဲဘော်တွေအတွက် လုပ်ပေးနေပါတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်ကလည်း နဂါးနီစစ်ကြောင်းနှင့်ပူးပေါင်းတပ်ဖွဲ့များက ကျိုက်မရောမြို့ နယ်၊ လှကဇိုင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ သေးပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင်၂ ဦး သေဆုံးခဲ့သေးသည်။