ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရဲစခန်းကို KNLA နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နို ဝင်ဘာ ၂၇ ရက်၊ နံနက် ၅ နာရီခွဲအချိန်က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး သွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံကသိရသည်။
အဆိုပါရဲစခန်းအတွင်း စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့နှင့် ပျူစောထီး စုစုပေါင်းအင်အား ၅၀ ကျော်အ ထိုင်ချတပ်စွဲထားပြီး ရဲစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စခန်းသိမ်းနိုင်ခြင်းမရှိခဲ့ကြောင်း ရဲစခန်းကိုတိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
“အရင်အင်အားက အဲ့ဒီလောက်မရှိဘူး။ အခုက စစ်သားတွေရော၊ ပျူတွေပါရောက်လာတော့ အင်အား များလာတာ။ မျက်စိရှေ့မှာတင်သေတာက စစ်သားနှစ်ယောက်၊ ရဲလေးယောက်၊ ပျူတစ်ယောက်ပေါ့။ ဒဏ်ရာရတဲ့သူတွေလဲရှိတယ်လို့ကြားတယ်။ အတိအကျတော့မသိဘူး”ဟု ၎င်းကဆိုသည်။
ရဲစခန်းအားဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူပေးနေသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး တော်လှန်ရေးအင်အားစုများဘက်က တစ်ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။
“စခန်းနားကပ်နေပြီ၊ ပေ ၃၀ လောက်ပဲလိုတော့တာ၊ လက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတာ၊ အချက် ၅၀ ကျော်လောက်ရှိမယ်၊ ပျူတစ်ယောက်နဲ့ရဲတစ်ယောက်က ဆိုင်ကယ်နဲ့ထွက်ပြေးလို့ လိုက်ပြစ်တာ နှစ် ယောက်စလုံးသေတယ်၊ ပျူလွယ်ထားတဲ့ အိတ်ထဲက အူဇီ(BA.94)တစ်လက်ရတယ်”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်သည် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ သဖြင့် ဒဏ်ရာရရှိခဲ့သည့် ဒေသခံများရှိသလို စစ်တပ်ကဖမ်းဆီးသွားသည့် ပြည်သူများလည်းရှိကြောင်း ဒေသခံများကဆိုသည်။
“သူရဲသမိန်ကျေးရွာဘက်ကို လက်နက်ကြီးကျတယ်။ ဒဏ်ရာရ၊ သေဆုံးသူတွေရှိတယ်ပြောတယ်။ အတိအကျမသိရဘူး။ ရွာသားတွေကပိတ်မိနေတာ။ ညကလည်း ရွာသား ၅ ယောက်ကိုဖမ်းသွားတယ်။ အခုမနက်အထိပြန်မလွှတ်သေးဘူး”ဟု ၎င်းကပြောသည်။
သူရဲသမိန်ကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေ့မှာပင် ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ ခမရ ၅၉၈ တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။