ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တစ်ပတ်အ တွင်းထွက်ခွာရန် KNU ကသတိပေးခဲ့ပြီးနောက် မြို့ပေါ်စာသင်ကျောင်းများပိတ်ထားသည့်အပြင် မြို့ခံ အချို့မှာလည်း တိမ်းရှောင်ရန်ပြင်ဆင်နေကြကြောင်း ကော့ကရိတ်မြို့တွင်နေထိုင်သူများထံကသိရသည်
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူက အထက်ပါသတိပေးချက်ကို နိုဝင်ဘာ ၁၇ ရက်ကထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး မြိုု့ပေါ်ရှိ အခြေခံပညာကျောင်းများသည် နိုင်ဝင်ဘာ ၂၀ ရက်မှစတင်ကာ ၁၀ ရက်ခန့်ပိတ် ထားမည်ဖြစ်ကြောင်း ကော့ကရိတ်မြိုု့ရှိ ကျောင်းသားမိဘတစ်ဦးကဆိုသည်။
“ ၂၄ ရက်နေ့ ကော့ကရိတ်မှာ တိုက်ပွဲတွေ ပြင်းထန်မယ်ကြားလို့ အစ်မတို့လည်း စိုးရိမ်နေကြရတယ်။ အခုက ကျောင်းတွေလည်း ပိတ်လိုက်ပြီလေ။ မနေ့က အိမ်ကသမီးကို ကျောင်းသွားပို့တာ ကျောင်းက အိမ်ပြန်လွှတ်လိုက်တယ်။ လကုန်အထိ ကျောင်းပိတ် ထားမယ်လို့လည်း ပြောလိုက်တယ်။ အစ်မလည်း ကြိုပြီးစစ်ရှောင်ထားရမလားစဉ်းစားရခက်နေတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ကော့ကရိတ်မြို့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် – KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နောက် မြို့တွင်းနေရာအများအပြားတွင် ကင်းပုန်းချခြင်း၊ အင်အားဖြည့်တင်းခြင်းများကို စစ်ကောင်စီက ပြုုလုပ်နေကြောင်းသိရသည်။
ကော့ကရိတ်မြို့ပေါ်တွင် အောက်တိုဘာလအတွင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဘေးလွတ်ရာ သို့တိမ်းရှောင်သွားကြပြီး ယခုအချိန်အထိ ပြန်လည်နေခြင်းမရှိသေးသည့်မြို့ခံများရှိသလို လက်ရှိမြို့ပေါ် တွင်ရှိနေသူများအနေဖြင့်လည်း ဘေးလွတ်ရာသို့ကြိုတင်တိမ်းရှောင်ရန်ပြင်ဆင်နေကြကြောင်း မြို့ခံအ မျိုးသမီးတစ်ဦးကဆိုသည်။
“တိုက်ပွဲတွေဖြစ်လာရင် မြို့တွင်းကနေထွက်ချိန်မရဘဲ ပိတ်မိမှာကိုစိုးရိမ်တာ။ အခုသတင်းတွေကလဲ ကြားနေရတော့ လူကြီးတွေနဲ့ ကလေးတွေကို ဘေးကင်းတဲ့နေရာကို ပို့ထားဖို့စီစဉ်နေတယ်”ဟု ကော့က ရိတ်မြို့ခံတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ကော့ကရိတ်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ စရဖရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံးများ မီးလောင်ပျက်စီးသွားခဲ့သည်။