စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မြောက်ခြမ်းတွင် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည်၊ ပြည်သူတစ်ဦးကို နှိပ်စက် သတ်ဖြတ်ခဲ့သည့်အပြင်၊ ၁၃ ဦးထက်မနည်း ဖမ်းဆီးခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
” ၁၂ရက်နေ့မှာ ကံကြီးကျေးရွာက ပြည်သူ ၅ ယောက်ကို ဖမ်းသွားပြီးတော့၊ တစ်ယောက်ကို သတ်ပြီး၊ တစ်ယောက်ကို လွှတ်ပေးလိုက်တယ်။ အသတ်ခံရတဲ့ပြည်သူက ကိုချမ်းအောင်တဲ့၊ အသက် ၄၀ လောက်ရှိမယ်။ ၁၃ရက်နေ့ကြတော့ ကြာစီကျေးရွာက၊ ပြည်သူ ၁၀ဦးထက်မနည်း ထပ်ပြီးဖမ်းဆီးခံရတယ်။ စုစုပေါင်း ၁ဦး သေဆုံးပြီး၊ ၁၃ဦးထက်မနည်း ဓားစာခံလုပ်ထားတယ်ဗျ “ ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည် ။
စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီး၍ ပြန်လွှတ်ပေးလိုက်သော ကံကြီးကျေးရွာ၊ အမျိုးသား ၁ ဦးသည် စစ်ကောင်စီ တပ်သားများ၏ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကြောင့် စိတ်ကစဉ့်ကလျားဖြစ်ကာ ပြန်ရောက်လာခဲ့ သည်ဟု ၎င်းကပြောသည် ။
” လွတ်လာတဲ့အမျိုးသားက စိတ်ကစဉ့်ကလျားဖြစ်နေတာ၊ ကျွန်တော်တို့ ဘာမှလည်း မေးလို့မြန်းလို့မရဘူး။ တစ်ခြားသူတွေ မေးလို့လည်းမရဘူး။ သူကိုယ်တိုင်ကို ဘာစကားမှမပြောတာ၊ အသတ်ခံလိုက်ရတဲ့ ကိုချမ်းအောင်နဲ့က ရွယ်တူတွေဗျ၊ သူငယ်ချင်းတွေလေ၊ ကိုချမ်းအောင်ကိုတော့ သူတို့နှိပ်စက်ပြီးတော့ နားထင်ကို သေနတ်နဲ့ပစ်သတ် သွားတာဗျ ” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီ၊ စစ်ကြောင်းကြောင့် ပုလဲမြို့နယ် မြောက်ဖက်ခြမ်းရှိ ကျေးရွာ ၉ရွာခန့် မှ လူဦးရေ ၁၀၀၀၀ ကျော်သည် စစ်ဘေးရှောင်နေရကြောင်း၊ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည် ။
” စစ်ရှောင်ပြည်သူတွေကတော့ စစ်ကြောင်းနဲ့လွတ်တဲ့ရွာတွေက စာသင်ကျောင်းတို့ ၊ ဘုန်းကြီးကျောင်းတို့ထဲမှာ ရှောင်ကြတာပေါ့၊ အဓိကပြဿနာက သူတို့မှာ နွားတို့ ၊ ဝက်တို့ တိရစ္ဆာန်တွေကိုပါ ခေါ်လာရတဲ့အခါကြတော့ ဒုက္ခ များတာပေါ့ ။ မခေါ်လာလို့လည်း မရဘူး ။ ချန်ထားခဲ့ရင် အကုန်သတ်စားကြပြီး၊ ရိက္ခာယူသွားကြတာဆိုတော့၊ တောထဲတောင်ထဲ ရှောင်တဲ့ပြည်သူတွေကြတော့ မိုးတွေကဆက်တဲ့အခါ ဖျားကြနာကြတာတွေနဲ့ ၊ ဆေးဝါးကလည်း မကုသနိုင်ဘူး “ ဟု စစ်ရှောင်ကူညီနေသူတစ်ဦး က ပြောသည် ။
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ရက်၊ မနက် ၆နာရီခန့်တွင်လည်း၊ ပုလဲမြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်း သည် ပုလဲမြို့၏ အနောက်ဘက် ၊ ပုလဲမြို့နယ် မြောက်ခြမ်းသို့ ရောက်ရှိလာခဲ့ပြီး မြကုန်း ၊ ဇေတီယျုံ ၊ သေတ္တရာ ၊ကြောင်သန်ရွာများသို့ ဝင်ရောက်ပြီးနောက်၊ ပြည်သူ ( ၇ ) ဦးအား ဖမ်းဆီးခဲ့ပြီး၊ ဆင်ရှင်ကျေးရွာသို့ ရောက်သောအခါ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
ယခုနှစ် စက်တင်ဘာလမှစတင်ကာ စစ်ကောင်စီတပ်များသည် ပုလဲမြို့နယ်သို့ စစ်ကြောင်းထိုးမှု ပိုမိုပြုလုပ်လာသဖြင့် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ၊ သောက်ရေ နှင့် ဆေးဝါးလိုအပ်ချက် အခက်အခဲများကြုံတွေ့နေရ ကြောင်းလည်း သိရသည်။