ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေအခြေစိုက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ တပ်သား (၂) ဦး လက်နက်ခဲယမ်းနှင့်အတူ KNLA – တပ်ရင်း (၁၀၃) ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူထံက စုံစမ်းသိရှိရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် KNU-တပ်မဟာ (၆)၊ KNLA – တပ်ရင်း (၁၀၃)၊ တပ်ခွဲ (၁) ထံသို့ အဆိုပါတပ်သား (၂) ဦး လာရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး KNLA မှ ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်း ဘတ်တိတိ ကူညီထောက်ပံ့ပေးခဲ့သည်ဟု ၎င်းကဆိုသည်။
” အခုလက်ရှိ သူတို့ကို တပ်ခွဲ (၁) မှာဘဲ ခေါ်ယူစောင့်ရှောက်ထားပါတယ်။ ဘာလို့ထွက်ပြေးလာရလဲ ဆိုတာကတော့ ကျတော်တို့ သတင်းမှာ ဖော်ပြခဲ့တဲ့အတိုင်းပါပဲ။ ” ဟု ဒူးပလာယာခရိုင်-သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
CDM ဝင်ရောက်လာသည့် တပ်သား (၂) ဦးသည် စစ်ကောင်စီလက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ တပ်ရင်းမှူး ဝင်းနောင်ထွန်းနှင့် ဒု-ရင်းမှူး သက်စိုး ဦးဆောင်သော လှုပ်ရှားစစ်ကြောင်း၏ စစ်သားများဖြစ်ကြပြီး အထက်အ ရာရှိကြီးများ၏ မတရားဖိနှိပ်အုပ်ချုပ်မှုအား မနှစ်သက်သဖြင့် ၎င်း၏ တပ်မှ ကြိုးစားရုန်းထွက်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံ၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးသမားများနှင့်အတူပူးပေါင်းပါဝင်ကူညီသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါ CDM တပ်သားနှစ်ဦးအနက် တစ်ဦးမှာ MA-1 သေနတ် (၁) လက်၊ MA-1 ကျည်ဘောက် (၄) ဘောက်၊ ၅.၅၆ ကျည်တောင့် (၂၃၉) တောင့်နှင့် အီကွေးမင့် (၁) စုံ တို့ယူဆောင်၍ လာရောက်ပူးပေါင်းခဲ့သော်လည်း အခြားတစ်ဦးမှာမူ လမ်းခရီး နှင့် အခြေနေအရ ၎င်းကိုင်ဆောင်သော လက်နက်အား တပ်ရင်းမှ ပြန်လည် သိမ်းဆည်းရမိခဲ့သည့်အတွက် ကိုယ်လွတ်ရုန်း၍သာ ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
” လက်နက်မပါတဲ့ တစ်ယောက်လဲ ထောက်ပံ့မှု အနည်းငယ်ရပါတယ်။ ကောင်းမွန်စွာ လက်ခံထားတယ်။ ကျနော်တို့စားသလို သူတို့လဲစားရတယ်။ လက်နက်မပါလဲ လိုအပ်တဲ့ ထောက်ပံ့မှုတော့ ရမှာပါ။ နောက်ပြီးကျတော်တို့ တပ်မဟာ ၆ အတွင်းမှာ မဖော်ပြထားသေးတဲ့ အလင်းဝင်တပ်သားတွေလဲ အများကြီးရှိနေပါတယ်။ ” ဟု ၎င်းကပြောသည်။
ယင်းတပ်သား (၂) ဦးမှာ အသက် (၂၀) အရွယ်ရှိ တပ်သားများဖြစ်ကြောင်းလည်း သိရှိရသည်။
ယခုလို လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းသော တပ်သားများအား KNLA – ပူးပေါင်းတပ်ဖွဲ့များမှ နွေးထွေးစွာကြိုဆိုသကဲ့သို့ စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အား ဆန့်ကျင်၍ KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းလိုသော စစ်ကောင်စီလက်အောက်ခံတပ်မှ မည်သည့် စစ်သားမဆို KNLA – ပူးပေါင်းတပ်ဖွဲများနှင့် ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုလျှက်ရှိနေပြီး ဆုတော်ငွေများဖြင့်လည်း ဆုချီးမြှင့်လျှက်ရှိနေသလို ၎င်းတို့၏ ရှေ့ဆက်ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်လည်း ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးမှ အသိပေးထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA – တပ်ရင်း (၁၇)၊ တပ်ခွဲ (၂)ထံသို့ အလင်းဝင်ခဲ့သေးသည်။