ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊မူး(မုန်း)မြို့နယ်၊ငထွေစုပ်ရွာထဲ စစ်ကောင်စီတပ် မိုင်းအမြောက်အမြားထောင်ထားခဲ့ကြောင်း သိရ သည်။
စက်တင်ဘာ၁၄ရက်တွင် ငထွေစုပ်ရွာသို့ စစ်တပ်ဝင်ရောက်လာကာ စက်တင်ဘာ၁၇ရက်၌ ပြန် လည်ထွက်ခွာသွားပြီးနောက် KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)နှင့် ပူးပေါင်းတပ် က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ ရွာအတွင်း၌ M-14 နင်းမိုင်းများစွာထောင်ထားခဲ့ကြောင်း တွေ့ရ သည်ဟု ကေအဲန်ယူ-ဗဟိုက ယနေ့သတင်းထုတ်ပြန်သည်။
“စစ်တပ်စဝင်တဲ့နေ့ကတည်းက ရွာသားတွေပြေးရတာဗျ။တချို့က ဆွေမျိုးတွေရှိတဲ့နေရာပြေးရ၊မုန်းမြို့ပေါ်တွေမှာရော၊ ဘုန်းကြီးကျောင်းရှောင်တဲ့သူကရှောင်ပေါ့။ ခုထိမပြန်ရဲကြသေးဘူး။ မိုင်းတွေ တွေ့တယ်ဆိုတော့ ပိုဆိုးတာပေါ့ဗျ ။ဘယ်ပြန်ရဲတော့မလဲ။ပြီးတော့ ဒီကောင်(စစ်တပ်)တွေကိုစစ်တောင်းမြစ်အရှေ့ကမ်း အုတ်ဖြတ်တံတားနားမှာရှိ နေသေးတယ်လို့ကြားရတယ်ဗျ” ဟု ငထွေစုပ်ရွာအနီးနေ ဒေသခံတစ်ဦးကပြောသည်။
ထိုမိုင်းများနင်းမိကာ နွားတစ်ကောင်သေဆုံးခဲ့ရပြီး လက်ရှိအချိန်ထိ နင်းမိုင်း၁၂လုံးကို ဖယ်ရှားထား နိုင်ပြီဟုသိရသည်။
စစ်ကောင်စီတပ်က ငထွေစုပ်ရွာထဲရှိ ပြည်သူ့နေအိမ်၂၃လုံး၊စပါးကျီ၃လုံးနှင့် နွားတင်းကုပ်၁လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသည့်ဒေသခံ၃ဦးကိုမူ ပြန်လွှတ်ပေးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ် ပြန်သည်။
ငထွေစုပ်ရွာထဲသို့ စစ်တပ်ဝင်ရောက်လာခြင်းကြောင့် ငထွေစုပ်ရွာသားများ ထွက်ပြေးကြရသလို မိချောင်းဂေါင်း၊ ဝဲကြီးနှင့် ရေလဲ တို့မှ ဒေသခံအချို့လည်း ထွက်ပြေးကြကြောင်း သိရသည်။
KNLAနှင့်ပူးပေါင်းတပ်သည် ဒေသခံများ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။