မြန်မာနိုင်ငံ၏ အခြေအနေများအား နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)သို့ လွှဲပြောင်းပေးအပ်ရန်အတွက် ညီမျှခြင်း မြန်မာက ယနေ့(စက်တင်ဘာ ၁၈ ရက်)တွင် ထုတ်ပြန်သည့် “ညှဉ်းပန်းနှိပ်စက်ခွင့်လိုင်စင်” အစီရင်ခံစာ၌ ကုလသမဂ္ဂကို အကြံပြု တိုက်တွန်းထားသည်။
“ကျူးလွန်တဲ့သူတွေက စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန် ကျူးလွန်နေတာဖြစ်တယ်။ သူတို့ရဲ့ ကျူးလွန်မှုနောက်ကွယ် မှာလည်း ယန္တရားကြီးတစ်ခုလုံးကလည်း ပါဝင်ကျူးလွန်နေတာဖြစ်တဲ့အတွက် International Criminal သဘောထား အရ တရားစွဲဆိုမှုတွေကို လုပ်စေချင်တယ်။ အမြင့်ဆုံးတရားရုံးကိုလည်း တိုင်ကြားမှုတွေလုပ်ပေးစေချင်တယ်။ အဲ့ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ICCက တရားစွဲဆိုမှုတွေ ပြုလုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို လွှဲပြောင်းပေးစေချင်ပါတယ်”ဟု ညီမျှခြင်းမြန်မာ၏ Human Rights Educator မယဉ်မင်းက ပြောသည်။
ယင်းအပြင် လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးများ မြန်မာနိုင်ငံအတွင်းသို့ စီးဝင်နေသည့် လမ်းကြောင်းများကို ဖြတ်တောက်ပြီး စစ်ကောင်စီကို တရားဝင်မှု မပေးဘဲ ငြင်းပယ်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရေး၊ ခိုင်မာထိရောက်ပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သည့် လုပ်ဆောင်ချက်များ ချမှတ်ရေး စသည်တို့ကိုလည်း ညီမျှခြင်းမြန်မာက အကြံပြုတိုက်တွန်းထားသည်။
“စစ်ကောင်စီကို ပေးပို့နေတဲ့ လေယာဉ်ဆီ၊ ငွေကြေးတွေက ပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်ဖို့အတွက် အားပေးအားမြောက်ဖြစ်စေတာကြောင့် ဒီဟာတွေကို ဖြတ်တောက်ဖို့ တောင်းဆိုချင်တယ်။ စစ်ကောင်စီကို တရားဝင်မှု မပေးဖို့ကိုလည်း တောင်းဆိုချင်တယ်”ဟု မယဉ်မင်းမှ ပြောသည်။
ထို့ပြင် အကျဉ်းထောင်အတွင်း အကျဉ်းသားများ၏ ရပိုင်ခွင့် ထိခိုက်လျော့ပါးခြင်းမရှိဘဲ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြစ်နိုင်မည့် ယန္တရားနှင့် လမ်းကြောင်းများမှ တစ်ဆင့် အချိန်မဆိုင်းဘဲ ချက်ချင်းလုပ်ဆောင်ရန် ညီမျှခြင်းမြန်မာက ကုလသမဂ္ဂထံ အကြံပြုထားသည်။
“နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေ၊ အကျဉ်းသားတွေအပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေ ဘေးကင်းလုံခြုံမှုတွေအတွက် ယန္တရားတွေ တည်ဆောက်ပြီး အဲ့ဒီကတစ်ဆင့် အကောင်အထည်ဖော်မှုတွေနဲ့ လုပ်ဆောင်ပေးမှုတွေကို လုပ်ပေးစေချင်တယ်။ အားလုံးပါဝင်တဲ့ ပူးပေါင်းမှုတစ်ခုကိုလည်း ကုလသမဂ္ဂကို တောင်းဆိုချင်ပါတယ်”ဟု ညီမျှခြင်းမြန်မာ၏ Human Rights Educator မယဉ်မင်းက ပြောသည်။
ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUGအနေဖြင့်လည်း နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား(IIMM)၊ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ(SR)၊ အခြားသက်ဆိုင်ရာ ကဏ္ဍအလိုက် အထူးစုံစမ်းရေးအရာရှိများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံးတို့နှင့် အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ရန်လည်း ညီမျှခြင်းမြန်မာက တိုက်တွန်းထားသည်။