စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်တို့မှာ ၂လကျော်ကြာ သည်အထိ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ဝက်လက်နယ်အတွင်းရှိ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို ပြန်လည်ပြုပြင်နေခြင်းကြောင့် စစ်သားအင်အား ၂၀၀ ဝန်းကျင်ဖြင့်လုံခြုံရေးယူထားကာ ရထားသံလမ်းဘေး ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့နေ၍ ဒေသခံ များ တိမ်းရှောင်နေရခြင်းဖြစ်သည်။
“စစ်ရှောင်တွေကတော့ ကွင်းပြင်ထဲ အဆင်ပြေသလို တဲထိုးနေပေါ့။စားစရာမရှိတော့လည်း ချေးငှားစားကြပေါ့။တချို့ကတော့ စပါးပေါ်ပေး၊နှမ်းပေါ်ပေး ဆိုပြီး ၃ ကျပ်တိုးနဲ့ ပိုက်ဆံချေးပြီး စားသောက်နေကြတာပဲ”ဟု ရွှေဘိုခရိုင်တပ်ရင်း-၁၅ (Eagle Guerrilla Force) တပ်ရင်းမှူး ဗိုလ်ကောက်ရိုးကပြောသည်။
ယင်းစစ်ရှောင်များမှာ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ခက်ခ၊စမွန်း၊ကျွန်းဦးတော၊ထန်းကြီးဘူတာ၊ပါယ့်သူကြီး၊၊အုန္နဲဘုတ်၊ပေါက်ကန်၊ရေသောက်ကန်၊ဝက်လူးအိုင်၊ရုံးသာ၊သာလှိုင်းနှင့်သုံးဆင့်ကန်ရွာများမှဒေသခံများဖြစ်သည်။
“အခြေခံစားနပ် ရိက္ခာနဲ့ မိုးကာ၊ဆေးဝါးတွေ အဓိကလိုအပ်ချက်ဖြစ်လာပါပြီ။လိုအပ်ချက်ကြောင့် ရွာကို ခဏပြန်ဝင်သူတွေကိုလည်း စစ်ကောင်စီက သတ်ဖြတ်တာတွေရှိတယ်။ပြည်သူမှာပြည်သူပဲရှိတာမို့ နိုင်သလောက်ဝိုင်းကူညီကြပါဦး”ဟုစစ်ရှောင်ကူညီသူ တစ်ဦး ကပြောသည်။
ယင်းစစ်ရှောင်များမှာ အကူအညီရရှိမှု နည်းပါးလှသဖြင့် ပါလာသမျှကို ချွေတာစားနေရကာ စားဝတ် နေရေး ခက်ခဲနေကြောင်း ဗိုလ်ကောက်ရိုးကပြောသည်။
စစ်ရှောင်အချို့မှာ ဇူလိုင်လကတည်းက ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး အချို့မှာမူ ဩဂုတ်လအတွင်း နေရပ်စွန့်ခွာခဲ့ရခြင်းဖြစ်ကာ ဝက်လက်မြို့နယ်အတွင်းရှိ လုံခြုံမည်ထင်သော နေရာတစ်နေရာ၌ စစ် ဘေးရှောင်နေရခြင်းဖြစ်သည်။