အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းမှ ပဲခူးတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများထံသို့ ၄ လအတွင်း ငွေကျပ် သိန်းပေါင်း ၁၅၀ ကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း၏ အတွင်းရေးမှူး ဦးထင်ကျော်ထံမှ စုံစမ်းသိရှိရသည်။
“ကျတော်တို့အသင်းကို အသင်းအဖွဲ့အစည်းတွေက တိုက်ရိုက်လှူဒါန်းထားတာကို ပဲခူးတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေကို လှူဒါန်းခဲ့တာပါ။ ကျတော်တို့အဖွဲ့ ဖွဲ့စည်းထားတဲ့ ဒီ ၄ လအတွင်းမှာ အားလုံး သိန်း ၁၅၀ ကျော်ကို ထောက်ပံ့နိုင်ခဲ့တာ ရှိပါတယ်”ဟု အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း၏ အတွင်းရေးမှူး ဦးထင်ကျော်က MPAသို့ ပြောသည်။
အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းတွင် အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ စင်္ကာပူ၊ နယ်သာလန်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ ပဲခူးသူ ပဲခူးသားတို့မှ လစဉ်ထည့်ဝင်ငွေများနှင့်အတူ မတည်ငွေများနှင့် ရန်ပုံငွေရှာဖွေရေးမှ ရရှိသော ငွေများအား စုပေါင်းကာ မြေပြင်တွင် တော်လှန်နေသော တော်လှန်ရေးအင်အားစုထံများသို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
“NUG၊ CRPH တို့နဲ့ မိတ်ဖက်သဘော အဖွဲ့ဖြစ်တာကြောင့် change of command အောက်ကပဲ သွားပါတယ်။ တော်လှန်ရေးအင်အားစုတွေကို ညွှန်ကြားချက်တွေ၊ စေခိုင်းချက်တွေနဲ့ အကြံပေးချက်တွေ မရှိပါဘူး။ အဓိကအားဖြင့် ကျတော်တို့အဖွဲ့အနေနဲ့က တော်လှန်ရေးမှာ ပွဲကပြီးသားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကူညီထောက်ပံ့ပေးတာပါ”ဟု အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း၏ အတွင်းရေးမှူး ဦးထင်ကျော်က ဆက်ပြောသည်။
အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းအနေဖြင့် လစဉ်ထည့်ဝင်ကြေး ၃၀,၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း နိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ ငွေကြေး Currency များအတိုင်း မိမိတို့ တတ်နိုင်သလောက် ပါဝင် နိုင်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းအနေဖြင့် ဖွဲ့စည်းထားသည်မှာ ၄ လတာ ကာလသာ ရှိသေးပြီး ၎င်းတို့အနေဖြင့် တော်လှန်ရေးအင်အားစုများအနေဖြင့် လိုအပ်လျက်ရှိသော လက်နက်အင်အားရရှိရန်အတွက် အဓိကထား ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။