မိုးအဆက်မပြတ်ရွာသွန်းကာ လေးမြို့မြစ်ရေနှင့် ချောင်းရေများ မြင့်တက်မှုကြောင့် ရေလွှမ်းမိုးခံခဲ့ရသည့် မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ ရေဘေးသင့် ရခိုင်ဒေသခံများအား ရက္ခိုင့်တပ်တော် အေအေမှ စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
“ပေးတာက ပြီးခဲ့တဲ့ ၉ ရက်နေ့လောက်က ပေးတာပါ။ အဓိကကတော့ စားနပ်ရိက္ခာတွေ ပေးတာပါ။ ဆန်နဲ့ ကြက်ဥတွေပါတယ်။ အနည်းဆုံးတော့ တစ်ပတ်လောက်တော့ စားလို့ရတာပေါ့”ဟု မင်းဖူးကျေးရွာမှာ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိချိန်တွင် လေးမြို့မြစ်တစ်လျှောက်ရှိ မင်းပြားမြို့နယ်မှ ရွှေကျင်၊ မင်းဖူး၊ ကုလားမတောင်၊ ပုလဲတောင်၊ သာစည်၊ ပြင်ယောင်း စသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။
“ဟုတ်ပါတယ်။ ဟိုနေ့ကပဲ ရိက္ခာတွေကို လာပေးတာပေါ့။ ဆန်နဲ့ ကြက်ဥတွေကတော့ အဓိက ရကြတယ်။ အများကြီးတော့ မဟုတ်ဘူး။ နည်းနည်းပါးပါးပဲ ပေးတာပါ။ အရမ်းဆင်းရဲတဲ့သူတွေနဲ့ မရသေးတဲ့သူတွေလည်း အများကြီး ကျန်နေပါသေးတယ်”ဟု မင်းပြားမြို့နယ်မှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
မင်းဖူးကျေးရွာမှ ရေဘေးသင့်ဒေသခံများထံ ရက္ခိုင့်တပ်တော်အေအေ၏ တပ်ဖွဲ့ဝင်များမှ ဆန်အပါအဝင် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီမှ ယမန်နေ့က ထုတ်ပြန်ထားသည်။
“ဒီဘက်မှာတော့ မရှိသေးဘူး။ တခြားအပျက်အစီးများတဲ့ နေရာတွေမှာတော့ ထောက်ပံ့ပေးတာရှိတယ်။ အခုအေအေက မင်းပြားမှာ ထောက်ပံ့တယ်ဆိုတာက မင်းပြားတစ်မြို့လုံးတော့ မဟုတ်ဘူး။ မင်းဖူးပဲ ထောက်ပံ့ပေးတာပဲ ရှိသေးတယ်”ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုဩဂုတ်လဆန်းပိုင်းမှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ၊ ကုလားတန်းမြစ်ရေ၊ သံတွဲမြစ်ရေနှင့် ပန်းဇီးမြောင်းရေတို့ မြင့်တက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုများနှင့် ကြုံတွေ့နေရကာ ဒေသခံများနှင့် စစ်ဘေးရှောင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။