By MPA
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်သို့ ဝင်ရောက်မည့် ကားလမ်း၊ ရေကြောင်းလမ်းများအား စစ်ကောင်စီတပ်များမှ ဖမ်းဆီးပိတ်ဆို့စစ်ဆေးနေသဖြင့် ကုန်စည်ပို့ဆောင်နေသည့် ကားများနှင့် စက်လှေများ မထွက်ရဲ၍ ရပ်တန့်ထားရကြောင်း သတင်းရရှိသည်။
ယင်းသို့ ကား၊ စက်လှေများ ရပ်တန့်နေသဖြင့် မင်းကင်းမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု မရှိ၍ အခြေခံစားကုန်များ ပြတ်လတ်နေပြီး ကုန်စျေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရသည်။
“ ကားတွေ၊ စက်လှေတွေ မထွက်တာထက် မထွက်ရဲကြလို့ ရပ်ထားတာ ၄ ရက် ၅ ရက် ရှိနေပြီ။ ဒီ စစ်သားတွေက အရင်က ကားတွေ စစ်တယ်။ အခု မြစ်ကြောင်းဘက်က စက်လှေတွေပါစစ်ပြီး ဖမ်းတာဆီးတာတွေရှိတော့ မထွက်ရဲကြတော့တာ။ မြို့ထဲမှာလည်း ငါးသေတ္တာတို့ ငါးခြောက်ငါးခြမ်းတွေပြတ်နေပြီး စျေးတွေလည်း တက်နေတယ်။ ရွာတွေဘက်ဆို ပိန်းဥတို့ဘာတို့ ပြုတ်စား နေရတယ်တောင် ရှိတယ်” ဟု မင်းကင်းမြို့ခံတစ်ဦးက MPA ကိုပြောသည်။
မင်းကင်းမြို့နယ်နင့် ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ် ဖွဲ့- PDF(မင်းကင်း)တို့အကြား ဇွန်လအတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်များ အကျဆုံးများနေသဖြင့် ကျေးရွာများ အားဝင်ရောက်စီးနင်းခြင်းနှင့် ယခုကဲ့သို့ မြို့အဝင်အထွက် များအား ပိတ်ဆို့ဖမ်းဆီးစစ်ဆေး နေခြင်းဖြစ်ကြောင်း သိရသည်။