ကယား(ကရင်နီ) ပြည်နယ် ၊ မယ်စဲ့မြို့ရှိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စခန်းတစ်ခုအား စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးထိခိုက်မှုများရှိကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ထံမှ စုံစမ်းသိရသည်။
ယင်း ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့၊ နေ့လည် ၃ နာရီ ၄၅ မိနစ်က မယ်စဲ့မြို့နယ်ရှိ နမ့်မန်းချောင်းအနီးအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ တကယ်တော့ KNPP တောတွင်းစခန်းကို တည့်တည့်ကျသွားတာ။ သေဆုံးမှုတွေ ရှိတယ်။ တပ်ရင်းရဲဘော်တွေ ရှိတယ်။ မယ်စဲ့မြို့နယ် BP 13 ဂိုဒေါင်သွားလမ်း၊ နမ့်မန်းကျေးရွာ မြောက်ဘက် နမ့်မန်းချောင်းအနီးကို ဗုံးကြဲသွားတာပေါ့” ဟု ၎င်းက ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် အတည်ပြု ပြောသည်။
အထက်ပါ KNPP တောတွင်းစခန်းသည် ယခင်က မယ်စဲ့ဒေသခံများ၏ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်ပြီး စစ်ဘေးရှောင်များ အနေဖြင့် ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်အတွင်းက စခန်းအား စွန့်ခွာကာ ထိုင်းနိုင်ငံဘက်သို့ ခိုလှုံထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။