တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ ပျူစောထီးနေအိမ် ၄လုံးကို KNDO စစ်ကြောင်းက ပြည်သူပိုင်နေအိမ်အဖြစ် ချိပ်ပိတ်လိုက်ကြောင်းသိရသည်။
ဇူလိုင်လ ၁၁ရက်နေ့ ၊နေ့ခင်းပိုင်းကပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု၊ နတ်အိမ်တောင်ကျေးရွာရှိ ပျူစောထီး နေအိမ် လေးလုံးနှင့် ဥယျာဉ်ခြံတစ်ခုတို့ကို KNDOဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်း ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ကချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပျူစောထီးအဖွဲ့ဝင် ဘမောင်နဲ့ ပျူစောထီးနဲ့ပေါင်းပြီးလှုပ်ရှားနေတဲ့ သူတွေရဲ့ နေအိမ်ကို ချိပ်ပိတ်ကြောင်းစာကပ်ပြီးသတိပေးတာပါ” ဟု ၎င်းက ပြောသည်။
ချိတ်ပိတ်ခဲ့သည့် ယင်းအိမ် ၄လုံးနှင့် ခြံတစ်ခြံတွင် လူနေထိုင်ခြင်းမရှိကြောင်း နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။
“ အဲ့ရွာက ပျူတွေက ပုလောကုန်းရွာကပျူစောထီးခေါင်းဆောင်နေအိမ်မှာ သွားနေနေကြတာပါ။လူမနေတာကြာပြီပေါ့။သတိပေးတဲ့အနေနဲ့ စာကပ်လိုက်တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ပုလောမြို့နယ်အတွင်းရှိ ပျူစောထီးတပ်ဖွဲ့ဝင်များသည် ပုလောမြို့နယ်၊ပုလောကုန်းကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
ဇူလိုင် ၉ ရက်နေ့ကလည်း ပုလောကုန်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင်၏နေအိမ်ကို ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့သေးသည်။