စစ်ကိုင်းတိုင်း၊အရာတော်မြို့အခြေစိုက် စခတ-၁၀ တပ် ကို လက်လုပ်လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း Danger Force LPDF ကသတင်းထုတ်ပြန်သည်။
ဇူလိုင် ၉ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်တွင် စစ်သားစုဆောင်းရေးနှင့်လေ့ကျင့်ရေးတပ်(စခတ-၁၀)ကို ၁၀၇ (မမ) လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့လက်နက်ကြီးနဲ့က ၁ ချက်ပဲပစ်တာ၊ ၁၀၇ (မမ) နဲ့ ။ကတုတ်ကျင်းနားကျရောက်ပေါက်ကွဲတယ်လို့သိရတယ်။သူတို့ဘက်က ၈၀ (မမ) နဲ့ ၂ချက် အရင်ပစ်တယ်။ပြီးတော့ လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်လောက်ပစ်တယ်။ကျနော်တို့ဘက်တော့ မထိခိုက်ပါဘူး”ဟု Danger Force LPDF တာဝန်ခံ ဗိုလ်ရန်ရှင်း ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကြီးကြပ်ကွပ်ကွဲမှုဖြင့် Danger Force LPDF နှင့် မုံရွာခရိုင်တပ်ရင်း-၆ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စခတ-၁၀ တပ်ထဲ၌ ပျူစောထီးများကို သင်တန်းပေးနေကြောင်းလည်းသိရသည်။
ဇူလိုင် ၇ ရက်နေ့ကလည်း စစ်သားများတပ်စွဲထားသောအရာတော်မြို့၊ စက်မှုလယ်ယာဂိတ်အနီးရှိ Mytel တာဝါတိုင်ကို ပဒေသာမိုင်း၃လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း Danger Force LPDF ကထုတ်ပြန်ထား သည်။