တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်အခြေစိုက်သည့် ပုလောကုန်းရွာအား KNDO စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ ဒုစစ်ကြောင်းမှုးက ပြောသည်။
ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က စစ်ကောင်စီတပ်မှ အင်အား ၇၀ ခန့်ဖြင့် ပုလောမြို့နယ်ရှိ ထမင်းမစားရွာအား စစ်ကြောင်းထိုးနေစဉ် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ အခြေစိုက်သည့် ပုလောကုန်းရွာအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ ဒုစစ်ကြောင်းမှုးက ပြောသည်။
“ မနေ့က ထမင်းမစား ရွာဘက်ကို စစ်သားတွေ မဲနေတုန်း သူတို့အခြေစိုက်တဲ့ ပုလောကုန်းရွာကို ဝင်တိုက်တာပါ။ နေ့လည် ၁ နာရီခွဲလောက် ဝင်တာပေါ့” ဟု ၎င်းက ပြောသည်။
KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းအနေဖြင့် ပုလောကုန်းရွာအား ယမန်နေ့ နေ့လည် ၁နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ စစ်ကြောင်းဘက်မှ ကျဆုံးထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ ဒုစစ်ကြောင်းမှုးက ပြောသည်။
“ အကျအဆုံးကတော့ ကျွန်တော်တို့ဘက်က မရှိဘူး။ သူတို့ဘက်က ထိတာတော့ ရှိတယ်။ ဘယ်နှစ်ဦး သေတယ်၊ ဘယ်နှစ်ယောက်ထိတယ် ဆိုတာတော့ သေချာ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ကတော့ ညနေ ၅ နာရီမှာ ပြန်ဆုတ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့က ထမင်းမစားရွာဘက်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ပုလောကုန်းရွာ တိုက်ခိုက်ခံရသဖြင့် ယမန်နေ့ ညနေပိုင်းက တပ်ပြန်ဆုတ်သွားကြောင်း MPA မှ စုံစမ်းသိရသည်။