စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဖွင့်လှစ်ကုသပေးနေသည့် People’s Healthcare Network (Kalay) တွင် ရိုးရိုးမွေးဖွားခြင်းနည်းဖြင့် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည့် အမြွှာကလေး ၂ ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ထောက်ပံ့ငွေတစ်သိန်း ပေးအပ်ခဲ့ကြောင်း PHN (Kalay) က ယနေ့တွင် သတင်းထုတ်ပြန်သည်။
“တခြား ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း ထောက်ပံ့မှုတွေ လစဉ်ရှိပါတယ်ဗျ။ အမြွှာကို ရိုးရိုးမွေးဖွားပေးထားနိုင်တာ ဆေးအဖွဲ့ရဲ့ ဂုဏ်ယူစရာမို့လို့ ကျနော်တို့က ထုတ်နုတ်ပြီး ပိုစ့်တင်တာပါဗျ”ဟု PHN (Kalay) မှ တာဝန်ခံဆရာဝန် Dr.Joshua က MPA သို့ ပြောသည်။
အဆိုပါ အမြွှာကလေး ၂ ဦးမှာ ကလေးမြို့နယ်၊ နတ်ချောင်းရွာမှ ဒေသကာကွယ်ရေးအဖွဲ့၊ လက်နက်ကြီး တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး၏ အသက် ၃၇ နှစ်အရွယ် ဇနီးမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ပထမကလေးကို ညနေ ၄ နာရီ ၂၅ မိနစ်နှင့် ဒုတိယကလေးကို ညနေ ၆ နာရီ ၃၀ မိနစ်တွင် ရိုးရိုးမွေးဖွားခြင်းဖြင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
PHN (Kalay) အနေဖြင့် ကျောင်းကျန်းမာရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးစောင့်ရှောက်ရေး၊ စစ်ရှောင်ပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသရေးများ ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။
“လုပ်ဆောင်ချက်တွေကတော့ ကလေးမြို့နယ်နဲ့ ထိစပ်ချင်းပြည်နယ်က ရွာလေးတွေအထိ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်နေပါတယ်”ဟု Dr. Joshua က ဆက်ပြောသည်။
ယခုလက်ရှိတွင် PHN (Kalay) အနေဖြင့် ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးအခြေအနေ တင်းမာနေသည့်အတွက် ဆေးဝါးသယ်ယူရန် ခက်ခဲခြင်း၊ မိုးများသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် စစ်ဘေးရှောင်များထံ အရောက်သွားဆေးကုဖို့ ခက်ခဲခြင်းနှင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရာသီဖြစ်သောကြောင့် ဆေးဝါးလိုအပ်ချက်များ ရှိနေသည်ဟု စုံစမ်းသိရှိရသည်။