ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးကြောင်း ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်း-PPDF ထံကသိရသည်။
ဇွန်လ ၅ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်တွင် ရွှေလေးတောင်ပေါ်ဒေသသို့စစ်ကြောင်းထိုးလာသည့် အင်အား ၅၀ ပါစစ်သားများကို ပေါင်းတည်မြို့နယ်၊ထန်းကုန်းရွာနှင့်ကြို့ကုန်းရွာကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“သိမ်ကုန်းကို တောင်ခမှောက်နဲ့ကိုင်းကွားကြားကနေပြီး စစ်ကြောင်းကဖြတ်လာတာ။ကိုင်းကွင်းရွာအရှေ့ဘက်မှာ မိုင်းဆွဲတာကို ဂျန်ပါ ရှိနေလို့မိုင်းကမကွဲဘူး။စစ်ကြောင်းကို ရှေ့မှာစောင့်နေတဲ့ ကျနော်တို့တစ်ဖွဲ့က ဒီကောင်တွေ ထိုင်ပြီးနားနေတဲ့အချိန် ပစ်တာ ၁ ယောက်သေတယ်”ဟု PPDF ရဲဘော်တစ်ဦးကပြောသည်။
သေဆုံးသွားသည့် စစ်သားအလောင်းကို စောင်ပုခက်လုပ်ကာ ထန်းကုန်းရွာသို့ပြန်လည်သယ်ဆောင်သွားကာ တိုက်ပွဲဖြစ်ပွားရာအနီးရှိ ယာယီတဲ ၃ လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်။
ဇွန်လ ၃ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ် ၊လက်ပံခုံရွာအနီး မြေနီတောင်ကြောပေါ်တွင် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရခဲ့သေးသည်။
စစ်သားများ သေဆုံး၊ ထိခိုက်မှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။