1 June 2023 By MPA CJ 004
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ကြို့ကုန်း Jetty ဆိပ်ကမ်းဝန်း အတွင်းရှိ ငါးသယ်လှေအတွင်း (၁၈)ပေခန့် အနက်ရှိသော ဒီဇယ်ကန်ဆင်းဆေးရာမှ အမျိုးသား (၂)ဦး အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
ယင်းဖြစ်စဉ်မှာ ယမန်နေ့ မေလ ၃၁ ရက်နေ့ မနက် ၁၀:၃၀ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး Myanmar fire service department ထုတ်ပြန်ချက်အရ ဖြစ်စဉ်မှာ ငါးသယ်လှေအတွင်းရှိ ဒီဇယ်ကန်အတွင်းသို့ အသက် ၂၅ နှင့် ၄၉ နှစ် အရွယ်အမျိုးသားနှစ်ဦးသည် ဆင်း၍သန့်ရှင်းရေးလုပ်ရာမှ အောက်ဆီဂျင်ပြတ်လတ်ပြီး အသက်ရှုကြပ်၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကန်သည် အနက် ၁၈ ပေရှိ၍ ကန်အတွင်းဒီဇယ် ၄ လက်မခန့်ကျန်ရှိနေကြောင်း သိရှိရသည်။
“ သူတို့ကဒီကန်တွေကို သန့်ရှင်းရေးလုပ်တာပေါ့၊ ပထမကန်က ပြီးသွားပြီ၊ နောက်တကန်ကို သန့်ရှင်းရေးလုပ်ဖို့ ကောင်လေးက အရင်ဆင်းသွားတယ်၊ ဆယ်မိနစ်ကြာလို့ခေါ်တော့ခေါ်မရတော့ နောက်တယောက်က ဆင်းသွားတယ်၊ ဆင်းသွားတဲ့ တယောက်ပါ အောက်ဆီဂျင်ပြတ်ပြီး ဆုံးသွားတာ” ဟု ကနောင်လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
အဆိုပါ ဖြစ်ပွားခဲ့သည့် လှေသည် လေဝင်ထွက်ပေါက်မရှိသော အဝင်အထွက်တစ်ပေါက်သာရှိသော ပုံစံဖြစ်ကြောင်း၊ လှေဝမ်းထဲ ဆင်းရာတွင်လည်း အကာအကွယ်ပစ္စည်း တစုံတရာ ဝတ်စားထားခြင်း မရှိဘဲ ကန်အတွင်းဆင်း၍ သန့်ရှင်းရေးလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အသင်းထံမှ သိရှိရသည်။
“ သူတို့ကလုပ်နေကျဆိုတော့ ဘာအကာအကွယ်ပစ္စည်းမှမပါဘဲဆင်းတယ်ထင်တယ် ကျနော်တို့ တွေ့တဲ့အချိန်တော့ သူတို့ဆီမှာဘာပစ္စည်းမှ မတွေ့ရဘူး” ဟု၎င်းတို့ထံမှ ဆက်လက်သိရှိရသည်။
သေဆုံးသွားသော အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအား ၁၀:၅၁ အချိန်ခန့်တွင် ကနောင်လူမှုကူညီရေးကားဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။