အာဏာသိမ်းစစ်တပ်မှ ဖမ်းဆီးထားသော သတင်းထောက်များအား ပြန်လွှတ်ပေးရန်အတွက် နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီဖြစ်သည့် Committee to Protect Journalists (CPJ) မှ မေလ ၃၀ ရက်နေ့က စစ်ကောင်စီအား တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ၅၀ (ည) နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရသော မမှူးရတနာခက်မို့မို့ထွန်းအပါအဝင် ဖမ်းဆီးခံထားရသော သတင်းသမားများအား စစ်ကောင်စီအနေဖြင့် ပြန်လည်လွှတ်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ဒီလိုတောင်းဆိုမှုတွေက အာဏာသိမ်းပြီးတည်းက တောက်လျှောက်ရှိနေပေမယ့် စစ်ကောင်စီကတော့ သတင်းသမားတွေကို ဖမ်းဆီးမှုရပ်တန့်သွားတာ မရှိခဲ့သလို ဖမ်းထားတဲ့ သတင်းထောက်တွေကိုလည်း သတင်းမီဒီယာနဲ့ မဆိုင်တဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ ထပ်တိုးတရားစွဲဆိုမှုတွေက လုပ်နေတယ်။ ဒါ့ကြောင့် ထပ်ပြီးထိရောက်တဲ့ တောင်းဆိုမှုတွေ လုပ်ဖို့လိုအပ်တဲ့အပြင် ဖမ်းဆီးခံသတင်းသမားတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အကူအညီတွေတော့ ပေးဖို့လည်း လိုအပ်တယ်”ဟု DVB သတင်းဌာနမှ သတင်းထောက် မခိုင်ပန်းနုက MPA သို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ ဖိနှိပ်မှုအောက်တွင် ဆက်လက်လုပ်ကိုင်နေရသည့် သတင်းသမားများ၏ လုံခြုံရေးအတွက် ရွှေ့ပြောင်းပေးသည့် အခြေအနေများ လုပ်ပေးသင့်သည့်အပြင် နိုင်ငံတကာမှလည်း မြန်မာနိုင်ငံ၏ သတင်းသမားများအရေးအား ယခုထက်ပိုမိုကာ အသံကျယ်လောင်လာရန် လိုအပ်ပြီး ထိရောက်သည့် အကူအညီများ ပေးရန်လည်း တောင်းဆိုချင်ကြောင်း ၎င်းက ပြောသည်။
“ အခုက သတင်းလည်း လွတ်လွတ်လပ်လပ် ယူလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် သတင်းသမားဆိုတာ မသိအောင်တောင် နေနေရတာ။ သတင်းထောက်တွေကို ဖမ်းတယ်ဆိုတာ အစကတည်းကဖြစ်မှ မဖြစ်သင့်ပဲကို။ သတင်းသမားက သတင်းအလုပ်လုပ်တာ အကြမ်းဖက်နေတာလဲ မဟုတ်ဘူးလေ။ ကျနော်တို့က သတင်းကိုအရှိကို အရှိအတိုင်း တင်ဆက်နေတာပဲ။ သတင်းအမှန်တွေကို လက်မခံနိုင်တဲ့ စစ်ကောင်စီက သတင်းသမားတွေကို အငြိုးထား မတရားဖိနှိပ်နေတာပါ။ မတရားဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ပဲ ပြောချင်ပါတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသတွင်း သတင်းထောက်တစ်ဦးက MPA သို့ ပြောသည်။
Committee to Protect Journalists (CPJ) မှ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ကောက်ယူထားသော စာရင်းများအရ မမှူးရတနာခက်မို့မို့ထွန်းအပါအဝင် သတင်းထောက် ၄၂ ဦးထက်မနည်း ဖမ်းဆီးထိန်းသိန်းခံထားရသည်။
လက်ရှိချိန်တွင် မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ သတင်းထောက်များဖမ်းဆီးခံရသည့်နိုင်ငံများတွင် တတိယ အဆိုးဆုံးနိုင်ငံဖြစ်နေကြောင်းလည်း CPJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခုက တတိယနေရာပဲ ဖြစ်သေးတာ။ အခုလက်ရှိမှာ ဖမ်းနေတဲ့ ပုံစံမျိုးနဲ့ဆို ပထမနေရာကို မကြာခင်ရောက်မယ်ဆိုတာမျိုးကို တွေ့နေရတယ်။ ဘာ့ကြောင်လဲဆိုတေ့ာ ပြည်တွင်းမှာက သတင်းမီဒီယာသမား မရှိသလောက်ကို ရှားသွားပြီ။ သူတို့ရဲ့ ဖိနှိပ်မှုတွေက အရမ်းဆိုးဝါးလာတယ်ဆိုတာကို ပြသနေတာဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး သတင်းသမားတွေကတော့ ရှောင်ပေးပါ”ဟု သတင်းထောက် မသူဇာက ပြောသည်။
သတင်းသမားများသည် လက်နက်ကိုင်နေခြင်းမဟုတ်ဘဲ ကလောင်ကိုင်သူများဖြစ်သည့်အတွက် သတင်းသိပိုင်ခွင့်များအား ဖော်ပြသော မီဒီယာသမားများကို ဖမ်းဆီးခြင်းသည် လွတ်လပ်ခွင့်အား ပိတ်ပင်ခြင်းဖြစ်ကာ သတင်းသမားများအား အမြန်ဆုံး လွှတ်ပေးသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းချိန်မှ စတင်ကာ သတင်းထောက် အယောက် ၁၅၀ ကျော် အဖမ်းခံခဲ့ရပြီး အယောက် ၁၀၀ ကျော်အား စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သလို စစ်ကြောရေးတွင် သေဆုံးခဲ့ရသည့် သတင်းထောက်များလည်း ရှိသည်။
“တိုင်းပြည်မှာက သတင်းမီဒီယာသမားတွေအပေါ်မှာ မီဒီယာလွတ်လပ်ခွင့်ကို နှစ်ပေါင်းများစွာဖိနှိပ်ထားတာ။ စစ်ကောင်စီကလည်း သတင်းမီဒီယာတွေကိုဆိုရင် ရာဇဝတ်ကောင်တွေလို့ကို သတ်မှတ်ထားတာပေါ့။ အခုလည်း နိုင်ငံတကာက တောင်းဆိုနေရုံ၊ တိုက်တွန်းနေရုံနဲ့တော့ မပြီးဘူး။ သတင်းသမားတွေကို မတရားဖမ်းဆီး ထောင်သွင်းအကျဉ်းချပြီးတော့ ဖိနှိပ် သတ်ဖြတ်တာတွေကိုလည်း လက်မခံနိုင်ဘူး။ ဒါကြောင့် နိုင်ငံတကာအနေနဲ့က ဖိအားများများပေးပြီး တောင်းဆိုပေးပါ။ သူတို့ (စကစ) ကတော့ ဘယ်လောက်အတိုင်းအထိ လိုက်ရောမလဲကိုတော့ စောင့်ကြည့်ရမှာပေါ့”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က MPA သို့ ပြောသည်။
သတင်းယူနေသည့် သတင်းသမားများသည် ၎င်းတို့၏ အလုပ်ကိုသာ လုပ်ဆောင်နေသူများဖြစ်ပြီး ကာကွယ်ပေးရမည့်အပြင် ဖမ်းဆီးနေခြင်းသည် အာဏာရှင်ဆန်မှု ပေါ်လွင်နေသည့်အတွက် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား ဖိအားများများပေးပြီး များများတောင်းဆိုပေးရန် လိုအပ်နေကြောင်း သတင်းသမားများက အသိပေးသည်။