By MPA CJ 008
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ-စစ်ကိုင်းလမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးလုံးပျက်စီးသွားသည်ဟု Dog Killers People’s Defense Force Myinmu (DK PDF-MMU) ထံမှ သိရသည်။
မြင်းမူမှ စစ်ကိုင်းဘက်သို့ ထွက်ခွာလာသည့် စစ်ကား ၂ စီးကို မေလ ၂၇ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က မြင်းမူမြို့နှင့် ထီးဆောင်းကျေးရွာကြားတွင် ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ဖြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“ထီးဆောင်းရွာနားမှာ မိုင်းဆွဲလိုက်တာ။ အဲ့ဒီ ၂ စီးလုံး ထိသွားတယ်။ ခပ်ဖြည်းဖြည်းမောင်းပြီး ထီးဆောင်းရွာက စစ်သားတွေတပ်စွဲထားတဲ့ စခန်းမှာ ကား ၂ စီးကို ထားခဲ့ပြီး ညောင်ပင်ဝန်းရဲစခန်းကို ခြေလျင်လျှောက်သွားကြတယ်”ဟု DK PDF-MMU မှ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် မုံရွာမြို့မှထွက်ခွာလာသည့် ယာဥ်တန်းဖြစ်ပြီး မုံရွာနှင့်မြင်းမူကြားတွင်လည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်ဟု သိရသည်။
“မုံရွာကနေ စစ်ကား ၄ စီးထွက်လာတာ။ မုံရွာနဲ့မြင်းမူ ကြားမှာလည်း အခြားအဖွဲ့တွေက မိုင်းဆွဲလိုက်သေးတယ်လို့သိရတယ်။ အဲ့ဒီမှာ ၂ စီးထိလို့ မြင်းမူရဲစခန်းမှာ ကား ၂ စီးကိုထားခဲ့ပြီး ကျန် ၂ စီးက စစ်ကိုင်းဘက်ကို ထွက်လာတာ”ဟု DK PDF-MMU မှ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သားများသည် ကားပေါ်မှ ၂ မိနစ်ခန့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သေးသည်ဟုသိရပြီး PDF တပ်ဖွဲ့ဝင်များအနေဖြင့် အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defense Force Myinmu(DK PDF-MMU)၊ PAFD၊People’s Knight Defense Force Myinmu (PKDF-MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပကဖ နှင့် D.B.B.F-MMU တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။