မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရ သည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း စစ်ကောင်စီထံမှ အကူအညီ လုံးဝမရကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်သည် ရေပတ်လည်ဝိုင်းလျက်ရှိသော ကျွန်းမြို့ဖြစ်ပြီး သံလွင်မြစ်နှင့် ကပ္ပလီပင် လယ်နှင့်နီးသည့် ဇီးကုန်း၊ခရိုက်နှီးဟု၊ ဆယ်ပလာ၊ကညှော်၊ကော့မုပွန်၊ဒေါင်းရပ်အရှေ့၊ နတ်မှော် စ သည့်ရွာတို့တွင် မတ်လ တတိယပတ်မှစတင်ကာ ယခုအထိ ရေရှားပါးမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ် ကြောင်း ဒေသခံအချို့ထံက သိရသည်။
“အရင် ၂၀၁၉ခုနှစ်တုန်းကလည်း အခုလို ကြုံဖူးတယ်။အဲဒီတုန်းက လွှတ်တော်အမတ်တွေ၊ မွန်ပြည်နယ်အစိုးရရော၊ တခြားပရဟိတအဖွဲ့ ပေါင်းစုံရော ရေကူညီလို့ အေးဆေးကျော်ဖြတ် နိုင်တယ်။အခုကတော့ စစ်ကောင်စီဆိုတာက သူတို့ ဘာရမလဲပဲ ချောင်းနေတာ။အခုရေရှားတာ ငါးပြားတစ်စေ့ မကူဘူး။ မသိချင်ယောင်ဆောင်နေ တယ်” ဟု ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်နေ ပြည် သူတစ်ဦးက MPAသို့ ပြောသည်။
ပင်လယ်နှင့်နီးသည့် ဇီးကုန်းနှင့် ခရိုက်နှီးဟုရွာတို့ရှိ အဝီစိတွင်းများမှ ရေရရှိသော်လည်း ချက်ပြုတ် လျှင် ဝါသွားသောကြောင့် သုံးရေအဖြစ်သာ ရရှိကြောင်း သံလွင်မြစ်နှင့်နီးသည့် ကညှော်နှင့် ကော့မု ပွန်ရွာတို့တွင်မူ ရေတွင်းများ၌ ရေလုံးဝခမ်းခြောက်နေကြောင်း သိရသည်။
“ချောင်းဆုံကြက်ခြေနီက ရေပုံမှန်လှူပေးတယ်။ပြည်သူတွေဆီကနေ အလှူငွေ ကောက်ခံပြီးလှူရ တာ။ သိရသလောက် ချောင်းဆုံထွေအုပ်ရော ပြည်နယ်အဆင့်ရော ဘာမှ ပေးတာမဟုတ်ဘူး” ဟု ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲသည် ဧပြီလမှစတင်ကာ နေ့စဉ်ဆိုသလို ရေရှားပါးသည့်ရွာများ နှင့် စစ်ဘေးရှောင်များရှိသည့် ဘုန်းကြီးကျောင်းများသို့ အလှည့်ကျ ရေလှူဒါန်းပေးနေပြီး မော်လမြိုင်မြို့အခြေစိုက် ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့ကလည်း တစ်ပတ်လျှင် တစ်ကြိမ် ရေရှားပါး သည့်ရွာများသို့ ရေလာရောက်လှူဒါန်းကြောင်း သိရသည်။
“ကျတော်တို့ ချောင်းဆုံ တချို့ရွာတွေက လူငယ်တွေစုပြီး ရေလှူတာမျိုးလည်း ရှိတယ်။ သူတို့ကျ တော့လည်း အမြဲမတတ်နိုင်ဘူးလေ။တနိုင် ဝိုင်းကူကြတာ”ဟု ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်သားက ဆိုသည်။
ရေရှားပါးသည့်ရွာများမှာ ဂါလန်၈၀၀ခန့်ပါသည့် ရေကားတစ်စီးကို ကျပ် ၃၀,၀၀၀ ဖြင့် ဝယ်သုံးနေ ကြ ကြောင်းသိရသည်။
ရေရှားပါးနေသည့်ရွာများထဲတွင် ကညှော်ရွာသည် အိမ်ခြေ ၁၆၀၀ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ကျန်ရွာများမှာ အိမ်ခြေ ရာကျော်ရှိသည့် ရွာများဖြစ်သည်။