ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မဉ္ဇူလမ်းနှင့် ဗေဒါလမ်းထောင့်တွင် ဧပြီ ၂၉ ရက်၊ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၆ လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“ မီးလောင်တာက နေ့လယ် ၁၂ နာရီလောက်ကဖြစ်တာပါ။ အိမ် ၂၉ လုံးရှိတာကို ၂၆ လုံး မီးလောင်ဆုံးရှုံးသွားတယ်။ ဒဏ်ရာ ကြီးကြီးမားမားရတဲ့သူတော့မရှိပါဘူး၊ ထိခိုက်ပွန်းပဲ့ဒဏ်ရာရတဲ့သူပဲ ရှိပါတယ် ” ဟု We Love Care လူမှုဘ၀စောင့်ရှောက်ရေးအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA ကို ပြောသည်။
မီးစတင် လောင်ကျွမ်းရသည့် အကြောင်းအရင်းကို မသိရရှိရသေးဘဲ ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ အိမ်တွေက တစ်အိမ်နဲ့ တစ်အိမ်ကပ်နေတာ၊ အဲဒီတော့ တစ်လုံးလောင်တာနဲ့ ကျန်တာတွေပါ ကူးသွားတယ်၊ ပြီးရင် ဆောက်ထားတာကလည်း ဝါးတွေနဲ့ဆိုတော့ လောင်အား ပိုကောင်းသွားတာလည်းပါတယ် ” ဟု ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်သူတစ်ဦးကဆိုသည်။
၎င်းမီးလောင်ကျွမ်းမှုကို မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး နာရီဝက်နီးပါး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ယခုလက်ရှိတွင် မီးလောင်ဆုံးရှုံးခဲ့ရသည့် နေအိမ် ၂၆ လုံးမှ မီးဘေးသင့်ပြည်သူ ၁၁၂ ဦးကို ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယင်းမာလမ်းရှိ ဇေတဝန် ဘုန်းကြီးကျောင်းတွင် ထားရှိကြောင်း သိရသည်။