“ ပုံမှန်မဟုတ်တဲ့ ဝန်ဆောင်မှုမျိုး ပေးရမယ်ဆို ကြိုပြောပါနော် အကို။ ညီမ ဆက်ရှင်တွေ ဆက်နေတော့ ဗိုက်ရော ကိုယ်လက်တွေပါ နာနေလို့ပါ” ဟု မနဒီက ပြောလိုက်သည်။
ရန်ကုန်မြို့ တရုတ်တန်း အနီးတစ်ဝိုက် နေရာများက ပြည့်တန်ဆာအိမ်ခေါ် ဇိမ်ခန်းများ ပေါများသည်။ ရန်ကုန် လူငယ်များကတော့ အလုပ် တစ်ခေါက်စာစီ ငွေပေးချေရသဖြင့် ရှော့ဘိဟု ခေါ်ဝေါ်ကြသည်။
သင်္ကြန်ကာလ ဖြစ်သော်လည်း အဆိုပါ ဇိမ်ခန်းများက မပိတ်၊ မစည်ကားသည့် သင်္ကြန်ချိန်၌ ၎င်းတို့၏ အခန်းများပင် ပြည့်နေသေးသည်။
နဒီက အသက် ၂၅ ဝန်းကျင်သာ ရှိသေးပြီး တရုတ်တန်း အနီးရှိ ဇိမ်ခန်းတစ်ခု၌ အလုပ်လုပ်နေသည်မှာ နှစ်ဝက်လောက်တော့ ရှိပြီ ဖြစ်သည်။
ယခုလည်း တစ်နေကုန် ဆက်ရှင် ခုနှစ်ခု ဝင်ခဲ့ပြီး ဖြစ်ရာ သူ (မ) ၏ ခန္ဓာကိုယ်က မဟန်နိုင်လောက်အောင် ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဧည့်သည် ရောက်လာ၍ သူ (မ) အလုပ်ထပ်လုပ် ရပေဦးမည်။
“ ညီမတို့ ဘဝက နားချင်တိုင်း နားလို့မရပါဘူး။ By Name နဲ့ လာခေါ်တဲ့ သူရှိရင် ထ သွားရတာပဲ” ဟု မ နဒီက ပြောပြသည်။
မနဒီကဲ့သို့ ငယ်ရွယ်သည့် ဇိမ်မယ်လေးများက ရန်ကုန်မြို့ရှိ ဇိမ်ခန်းများ၌ အလုပ်အပ်သူများပြားသည်။
ရန်ကုန်မြို့ရှိ ဇိမ်ခန်း အများစုက စိတ်ကြိုက်ရွေးချယ်ရန် ဇိမ်မယ်များကို ပြထားလေ့ ရှိသော်လည်း ငယ်ရွယ်ပြီး အလုပ်လုပ်သည်မှာ မကြာသေးသူများကိုတော့ ထိုသို့ မရနိုင်ပေ။
ခေါင်းဟု ခေါ်ကြသည့် ဇိမ်ခန်း အလုပ်သမားများက အဆိုပါ ဇိမ်မယ်လေးများအား ပိုက်ဆံ သုံးနိုင်သည့် သို့မဟုတ် ၎င်းတို့ကို ဘောက်ဆူး (အပိုဆုကြေး) များများပေးသည့် ဧည့်သည်များထံ အလုပ်အပ်ပေးလေ့ရှိသည်။
“ ဧည့်သည် အနေအထားကို ကြည့်ပြီး ရွှေ့ရတာပေါ့၊ အမ်း နိုင်လား လာနေကြ ဖောက်သည်လား၊ ဖောက်သည် ဖြစ်လာနိုင်သူလား အရိပ်အကဲကြည့်ပြီး ကောင်မလေးရွေးထည့်ပေး ရတာပေါ့” ဟု ဇိမ်ခန်း အလုပ်သမား တစ်ဦးက ပြောသည်။
ဇိမ်ခန်း အလုပ်သမားက ဧည့်သည် ရှာပေးနေ၍ မနဒီ တို့အတွက် နေ့စဥ် ဆက်ရှင်ပေါင်း ၁၀ ခုထပ်မနည်း ဝင်နေရသည်။
ဧည့်သည်တိုင်းက အမျိုးသားများ ဖြစ်ပြီး စရိုက်ကလည်း အစုံ၊ လူမျိုးဘာသာကလည်း မရွေးပေ။ အများစုမှာ ယမကာများ၊ မူးယစ်ဆေးများ သုံးလာတတ်ပြီး ခပ်ထွေထွေဖြစ်နေသည်က များသည်။
စရိုက်စုံ၍ စရိုက်ကြမ်းသူများ ပါလာပါက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တတ်၍ မနဒီတို့အတွက် နာကျင်မှုကို ပို၍ နာနာကျင်ကျင် ခံစားရသည်။
ချစ်ခင်စုံမက်၍ ချစ်တင်းနှောနေခြင်း မဟုတ်၊ ဘဝပေး အခြေအနေကြောင့်သာ မြန်မာလူမှုအဖွဲ့အစည်းက စက်ဆုပ်ဖွယ် အဖြစ်သတ်မှတ်ထားသည့် အလုပ်ကို လုပ်နေရခြင်း ဖြစ်သည်။
ဆက်ရှင် တစ်ခုတိုင်း ဂုဏ်သိက္ခာများကို ဖဲ့ရောင်းနေရသည်။ မည်ရွေ့မည်မျှ ဂုဏ်သိက္ခာများ ကျန်နေသေးသည်ကို တွေးကြည့်တိုင်း မနဒီ မျက်ရည်ဝဲခဲ့ဖူးသည်။
ငိုကြွေးခြင်းများ အသားကျလာချိန် မျက်ရည်ဝဲခြင်း မျှဖြင့် နာကျင်မှုတွေက လုံလောက်လာသည်။ ကြာလာသည်နှင့်အမျှ မျက်ရည်ဝဲရန် သို့မဟုတ် ငိုကြွေးရန်ပင် မေ့လျော့သွားခဲ့သည်။
ထို့အတူ မနဒီ၌ ပျော်ရွှင်ခြင်းများလည်း ပျောက်ဆုံးနေခဲ့သည်မှာ ကြာခဲ့လေပြီ ဖြစ်သည်။
” အရမ်းမူးနေတဲ့သူတွေ စရိုက်ဆိုးတဲ့ သူတွေနဲ့တွေ့ရင် အရမ်းစိတ်ညစ်တယ်။ သူတို့က အရမ်းကြမ်းတယ်။ ညီမမှာနာကျင်ပြီး ကျန်ခဲ့တာပဲ” ဟု မနဒီက ပြောပြသည်။
သို့သော် မိခင်နှင့် တစ်ဦးတည်းသော မောင်လေးအတွက် မနဒီ နာကျင်မှုများကို သည်းခံ၍ နေထိုင်သည်။ ခေတ်ဆိုး ခေတ်ပျက်ထဲ နေထိုင်နေရ၍ ဘွဲ့လေး တစ်ခုယူ အလုပ်အကိုင် ကောင်းတစ်ခု ရှာလုပ်မည်ဟူသည့် ရည်မှန်းချက်က ပျောက်ဆုံးသွားခဲ့ပြီ။
တက္ကသိုလ်ပညာရေး သင်ကြားခဲ့ဖူးပေမဲ့ စစ်အာဏာသိမ်းတော့ မနဒီ ကျောင်းထွက်ခဲ့သည်။ ထို့နောက် ကျပ်တည်းခြင်း အကြောင်းတရားက သူမ၏ သိက္ခာတရားကို စျေးတင်ရောင်းရသည့် ဘဝသို့ ရောက်လာစေခဲ့ရသည်။
” ဒုတိယနှစ်ထိ ကျောင်းတက်ဖူးတယ်။ အာဏာသိမ်းတော့ ဆက်မတက်ဖြစ်တော့ဘူး။ အမေက ကျန်းမာရေးမကောင်းဘူး။ ဒီမှာ လုပ်နေတာလည်း သူမသိဘူး” ဟု မနဒီက ပြောပြသည်။
အချိန်ပိုင်း လိင်ဝန်ဆောင်မှု ရယူနိုင်သည့် ဇိမ်ခန်းများက ရန်ကုန်မြို့၌ အများအပြား ရှိပြီး ဆန္ဒပြီးမြောက်မှု တစ်ခုစာအတွက် ကျပ် ၂၀,၀၀၀ ခွဲမှ စ၍ ကျပ် ၅၀,၀၀၀ ဝန်းကျင်အထိ ပေးရသည်။
ဆက်ရှင်ကြေးဟု ခေါ်ကြသည့် အဆိုပါ လိင်ဝန်ဆောင်ကြေး ရယူသည့်ထဲမှ ဇိမ်မယ်များက သုံးပုံတစ်ပုံခန့် ရသည်။
လာရောက်သည့် ဧည့်သည်များက ပေးသည့် ဘောက်ဆူးများက အပိုဝင်ငွေ ဖြစ်သည်။ မနဒီ ကဲ့သို့ ငယ်ရွယ်သည့် ဇိမ်မယ်လေးများအတွက် ဆန္ဒပြီးမြောက်မှု တစ်ခုစာ ဝန်ဆောင်ခ ကျပ် ၄၀,၀၀၀ ဝန်းကျင် ကျသင့်တတ်သည်။
ထို့ကြောင့် မနဒီအတွက် ဆက်ရှင် တစ်ခုစာ ငွေကျပ် ၁၀,၀၀၀ ကျော် ရပြီး တစ်ရက် ဝင်ငွေ ကျပ် ၁၀၀,၀၀၀ ဝန်း ကျင် ရရှိသည်။ မနဒီ ရသမျှ မိခင်ထံ ပြန်လွှဲသည်။ သူ (မ) ဤ ဘဝမှ ကျွတ်ချင်သည်။ သာမန် အမျိုးသမီး တစ်ဦးကဲ့သို့ ပြန်လည်နေထိုင်လိုသည်။
နေ့စဥ် မချစ်မနှစ်သက်သည့် ယောကျာ်းများထံ သူ (မ) ၏ ဂုဏ်သိက္ခာများကို ရောင်းစားနေရခြင်းက စက္ကန့်မလပ် သူ (မ) ခံစားနေရသည့် ငရဲတစ်ခု ဖြစ်သည်။ သို့သော် သူ (မ) တို့ လောကက ဝင်ရလွယ်သလောက် ထွက်ရန် ခက်ခဲသည်။
မလှိုင်က မနဒီတို့ထက် လုပ်သက် အများကြီး ပိုရင့်သည့် ဇိမ်မယ် တစ်ယောက် ဖြစ်သည်။ အသက် ၂၀ ကျော် အရွယ်ကတည်းက ဇိမ်မယ် ဖြစ်လာခဲ့သူ ဖြစ်သည်။
အသက် ၃၀ ကျော်ခဲ့ပြီ ဖြစ်၍ ဝန်ဆောင်ခ မြင့်သည့် ဇိမ်မယ် တစ်ဦးတော့ မဟုတ်တော့ပေ။ တစ်ဆက်ရှင် ကျပ် ၂၅,၀၀၀ ပေးရသည့် ဇိမ်ခန်း တစ်ခုတွင်တော့ အလုပ်လုပ်၍ ရနေသေးသည်။
သို့သော် တစ်ရက် တစ်ရက် ဆက်ရှင် ဝင်ရသည့် နှုန်းက ကျလာနေသည်။ တစ်ရက် သုံးဆက်ရှင်မျှ ဝင်ရသည့် နေ့မျိုးတွင် သူ (မ) အတွက် ဝင်ငွေက ကျပ် ၃၀,၀၀၀ မပြည့်တော့ချေ။
မလှိုင်က ဂုဏ်သိက္ခာကို စျေးတင်ရောင်းရသည့် ဘ၀ထဲ နစ်မျောနေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ရုန်းထွက်ရန် မကြိုးစားမိတော့။ ရုန်းထွက်နိုင်ခဲ့ပါကလည်း အခြား မည်သည့် အလုပ်လုပ်ရမည်နည်း သူ (မ) မသိ။ ဤ နယ်ပယ်တွင်တော့ သူ (မ) က စီနီယာ ကျွမ်းကျင် လုပ်သားတစ်ဦးပင်။
ဧည့်သည် စိတ်ကြိုက် မည်သို့ ဝန်ဆောင်မှုပေးရမည်ကို ကောင်းကောင်း နားလည်ယဥ်ပါးနေခဲ့ပြီ ဖြစ်သည်။ စိတ်ကျေနပ်မှု ပေးနိုင်လေ ဧည့်သည်ထံမှ ဘောက်ဆူးကို မျှော်လင့်နိုင်လေ ဖြစ်သည်။
ငယ်ရွယ်မှုကို မက်မောသည့် ပုရိသများအတွက် လေးပေ ခြောက်ပေ အမှောင်ခန်း အကျဥ်းလေးထဲ သူ (မ) ထံ အပို အသပြာများ ဖိတ်စင်လာရေး အရှက်၊ သိက္ခာများကို လုံးလုံး ဘေးချိတ်ထားမှ ရချေမည်။
ထိုမှတစ်ဆင့် သူ (မ) ၏ ၀န်ဆောင်မှု အပေါ် နှစ်ခြိုက်သူများက အချိန်ပို သီးသန့်ဝန်ဆောင်မှုပေးရန် ချိန်းဆိုလာပါက သူ (မ) လက်ခံ လုပ်ကိုင်သည်။
” အပြင် လိုက်တယ်။ အချိန်ပိုင်းကို ၁၀၀,၀၀၀ (ကျပ်) လောက်တော့ ယူရတာပေါ့။ ညှိလို့ရတော့လည်း ၆၀,၀၀၀ (ကျပ်)၊ ၇၀,၀၀၀ (ကျပ်) လိုက်ဖြစ်တယ်” ဟု မလှိုင်က ပြောပြသည်။
ထိုသို့ သီးသန့်ဝန်ဆောင်မှု ပေးရသည့် အခါမျိုး၌ ဝန်ဆောင်ခအားလုံးကို သူ (မ) ရသည်။ ဇိမ်ခန်း၌ ကဲ့သို့ သုံးပုံတစ်ပုံ မဟုတ်တော့ပေ။ အပြင်လိုက်ခေါ် သီးသန့်ဝန်ဆောင်မှု ပေးရခြင်းက မလှိုင်အတွက် သူ (မ) ဘ၀ကို စိတ်ကြိုက် စျေးတင်ရောင်းခွင့် ရှိသေးသည်။ ခေါင်းပုံဖြတ်မည့်သူ မရှိပေ။
ထို့ကြောင့် ဆက်ရှင်ဝင်ရသည့် ဧည့်သည် အခြေအနေကို ကြည့်၍ မလှိုင် ရင်းနှီးမှု ရယူပြီး အပြင်လိုက်ရန် ညှိနှိုင်းလာပါက လက်ခံရန် အသင့်ဖြစ်နေတတ်ခဲ့ပြီ ဖြစ်သည်။
ရန်ကုန်မြို့မှ ဇိမ်ခန်းများက တရားဝင် ဖွင့်လှစ်ထားခြင်းတော့ မဟုတ်ပေ။ သက်ဆိုင်ရာ အပိုင် လူမိုက်များက ဦးစီး ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဇိမ်ခန်းများ၌ ရန်ဖြစ်ခြင်းကဲ့သို့ အခြားပြဿနာများ တက်၍ မရပေ။
ဖြစ်လာပါက နယ်ခံ လူမိုက်များ ရောက်လာတတ်ပြီး ပြဿနာဖြစ်သူများအား ရိုက်နှက် ခြိမ်းခြောက်မှုများ ပြုလုပ်မည် ဖြစ်သည်။ ဇိမ်ခန်း၌ ဖြစ်သည့် ပြဿနာများက ရဲစခန်းသို့ ရောက်နိုင်သည်ထိ မကြီးမားစေရန် ဖုံးဖိ ဖြေရှင်းခြင်းမျိုး ဖြစ်သည်။
ပြည့်တန်ဆာ အလုပ်အား ဤ နိုင်ငံ၌ မည်သည့်ခေတ်တွင်မျှ တရားဝင်မှု မပေးထားခဲ့ပေ။ လွတ်လပ်ရေး ရပြီး တစ်နှစ်အကြာ ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အက်ဥပဒေ၏ အမည်ကား ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေဟူ၍ ဖြစ်သည်။
ပြင်ဆင်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဟူသည့် အမည်နှင့်လိုက်သည့် ဥပဒေအဖြစ်သာ ရှိနေဆဲ ဖြစ်သည်။
အဆိုပါ ဥပဒေအရ မလှိုင်တို့၊ မနဒီတို့လို ဇိမ်မယ်များအား ဒုရဲအုပ်တစ်ယောက်က အချိန်မရွေး ဖမ်းဆီး ချုပ်နှောင်ခွင့် ရှိထားသည်။ သို့သော် ဇိမ်ခန်း အလုပ်သမားခေါ် ခေါင်းများ လာရောက်သည့် ဧည့်သည်များ ကတော့ သက်သေ ထွက်ရုံဖြင့် ပြစ်ဒဏ်က လွတ်ကင်းခွင့် ရထားသည်။
ရဲမဖမ်းရန် ခေါင်းက လိုင်ကြေးပေးထားခြင်း ဖြစ်သဖြင့် ခေါင်းက ဇိမ်မယ်များအား စီမံပိုင်ခွင့် ရထားသကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘဝကို စျေးတင်ရောင်းရခြင်းမှာပင် မလှိုင်တို့အတွက် ဇိမ်ခန်းများ၌ ထက်ဝက်မက ခေါင်းပုံ ဖြတ်ခံနေရခြင်းဖြစ်သည်။
” အပြင်လိုက်တာက ကိုယ့်အတွက် အသားတင်ကျန်တာလေ။ ဘယ်သူ့ကိုမှ ခွဲပေးစရာမှ မလိုတာ” ဟု မလှိုင်က ပြောပြသည်။
ထိုသို့ ခေါင်းပုံဖြတ်နေပေမဲ့ ဇိမ်ခန်းများက လာရောက်သူများ အတွက်ရော ဇိမ်မယ်များအတွက်ပါ ကျန်းမာရေး အာမခံမှု တစ်စုံတစ်ရာ ပေးထားမည်တော့ မဟုတ်ပေ။
အရည်အသွေးနိမ့် အကာအကွယ် ပစ္စည်းများသာ ဇိမ်ခန်းများ၌ သုံးလေ့ရှိပြီး ဇိမ်မယ်များ၌ လိင်မှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများ ရှိမရှိ သိခွင့်ရမည် မဟုတ်ပေ။
မလှိုင်တို့ကိုတော့ ပုံမှန် ဆေးစစ်မှုများ လစဥ်ပြုလုပ်ရန် ခိုင်းစေသည် ဆိုပေမဲ့ နေ့စဥ် အလုပ်က မပျက်ရပေ။ HIV ကဲ့သို့ ကူးစက်ရောဂါများက တစ်ကြိမ်မျှပင် အမှားမခံသည့် ရောဂါများ ဖြစ်သည်။
ယခု နောက်ပိုင်း အကာအကွယ် ပေါက်ပြဲခြင်းကဲ့သို့ မတော်တဆ ဖြစ်ရပ်များအတွက် HIV ကာကွယ်ရေး ကုထုံးများ ရှိနေသော်လည်း ထိုကုထုံးက သုံးခါထက် ပိုမှားခွင့် မပေးပေ။
“ PEP လို ၇၂ နာရီ အတွင်း ဆေးသောက်ရင် HIV မဖြစ်အောင် တားနိုင်တဲ့ ကုထုံးရှိနေပြီပေါ့။ ဒါပေမဲ့ ဒါက ၈၀ ရာခိုင်နှုန်းပဲ သေချာတာ၊ ပြီးတော့ သုံးခေါက်ထပ် ပို မှားလို့မရဘူး” ဟု ရန်ကုန်မြို့မှ ဆရာဝန်တစ်ဦးက ပြောသည်။
မလှိုင်တို့အတွက် လစဥ်ဆေးစစ်ချက် အဖြေ၌ HIV Positive မဖြစ်မချင်း ဇိမ်မယ် အလုပ်ကို ဆက်လုပ် နေနိုင်သေးသည်။ အမှားအယွင်းများ ကြုံလာခဲ့ပါကလည်း မလှိုင် မည်သို့မျှ မတတ်နိုင်လှပေ။
အကာအကွယ် ပေါက်ပြဲခြင်းမျိုး ကြုံရပြီးချိန် ဧည့်သည် ထပ်ရောက်လာပါက ဆက်ရှင် ထပ်ဝင်ရမည်သာ ဖြစ်သည်။
နေ့ရက်ပေါင်းများစွာ သိက္ခာတရားကို ရောင်းချပြီး ဇိမ်မယ်လေးများ နေထိုင်နေရဆဲ။
လုပ်အားခများ ခေါင်းပုံဖြတ်ခံနေရဆဲ။
တရားဥပဒေ၏ လစ်လျူမှုကို ခံနေရဆဲ။
မည်သည့် အချိန်တွင်မှ သိက္ခာကို သိက္ခာရှိရှိ ရောင်းချခွင့် ရှိမည်ကိုလည်း မျှော်လင့်နေကြဆဲ ဖြစ်ပေသည်။