မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ၊ဖောင်ချောင်းကျေးရွာကို ပျူစောထီးတို့က အကြောင်းမဲ့ ဝင်ရောက် အကြမ်းဖက် မီးရှို့ခဲ့ကြောင်း သိရသည်။
ယနေ့ (ဧပြီ ၂၉ ရက်) နံနက် ခုနှစ်နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ညောင်ဂျစ်ပင်နှင့် ရေလာလေး ပျူစောထီးရွာမှ ပျူစောထီး အင်အား ၅၀ခန့်တို့သည် ဖောင်ချောင်းရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ခဲ့ရာ အိမ်၂၃လုံး မီးလောင်ပျက်စီးကာ ဆိတ် ခြံ သုံးခြံ အတွင်းမှ ဆိတ်အကောင်၁၀၀ ကျော်လည်း မီးလောင် သေဆုံးခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
” ဘာအကြောင်းမှလည်း မရှိဘူး၊ ဒီအတိုင်းကြီး ၀င်ပြီး မီးရှို့သွားတယ် သိရတယ်။ အဓိက ညောင်ဂျစ်ပင်နဲ့ ရေလာလေး ရွာက ပျူတွေချည်းပဲ။ စစ်သား တစ်ယောက်မှ မပါဘူး ” ဟု ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာ၀န်ခံ ရဲဘော် အကိုလေးက MPAသို့ ပြောသည်။
ရွာထဲသို့ ပျူစောထီးတို့ အလစ်အငိုက်ဝင်ရောက်လာသောကြောင့် ဒေသခံအများစုမှာ မည်သည့် ပစ္စည်းမျှ မသယ်နိုင်ဘဲ ထွက်ပြေးကြရကြောင်းသိရသည်။
” ရွာနားရောက်တော့ သေနတ်တွေ ဆက်တိုက် ဖောက်တော့ ရွာက လူတွေ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးကြရတယ်။ ဘာမှ မယူလိုက်နိုင်ဘူး၊စပါးသီးနှံလည်း အကုန်ပါသွားတယ်။ ဘာမှလည်း ပြန်မရဘူး။ ဆိတ်တွေ ခြံထဲကို မီးလောင်တိုက် သွင်းသွားတာ ” ဟု ဖောင်ချောင်း ဒေသခံတစ်ဦးက ပြောသည်။
ရွာအတွင်းရှိ နေအိမ်တစ်လုံးနှင့်ပြည်သူတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်းလည်း သိရသည်။
ပျူစောထီးတို့သည် နံနက် ကိုးနာရီခန့်၌ ရွာထဲမှ ပြန်လည်ထွက်ခွာသွားခဲ့ရာ ဒေသခံလူကြီးများက အရဲစွန့်ကာ မီးဝင်ငြှိမ်းခဲ့သဖြင့် နေအိမ် အနည်းငယ်သာ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ညနေလေးနာရီခန့်တွင် မီးအားလုံးကို ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်သော်လည်း ဆိတ်ခြံထဲရှိ မီးမြှိုက်ခံထား ရသော ဆိတ်များအား မရှင်းရသေးကြောင်း သိရသည်။
” နေကလည်းပူ၊ အချိန်ကလည်း ကောင်း၊ လေကလည်း တိုက်တော့ ၀င်သာ မီးမငြှိမ်းရင် အကုန်ပါမှာ။ အဲဒါကြောင့် အရဲစွန့်ပြီး လူအနည်းငယ်နဲ့ ၀င်ရှင်းခဲ့ရတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖောင်ချောင်းရွာမှာ ညောင်ဂျစ်ပင်ရွာ၏ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော် ရှိကာ ယခုအကြိမ်မှာ ပထမဆုံးအကြိမ် မီးရှို့ခံရခြင်း ဖြစ်ကြောင်း သိရသည်။