ရန်ကုန်မြို့၊ လှိုင်သာယာမြို့မရဲစခန်းကို ပြည်သူ ဆင်ပေးသည့် ၄၀ မမ လက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီ၂၈ရက်၊ ည ခုနှစ်နာရီခွဲခန့်က လှိုင်သာယာမြို့နယ်၊ အမှတ် ငါး ရပ်ကွက်၊ ငါးထိပ်မှတ်တိုင်အနီးရှိ လှိုင်သာယာမြို့မရဲစခန်းကို ၄၀မမ ဗုံးသီး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် Dark Shadow တပ်ဖွဲ့ထံက သိရသည်။
“ မနေ့က ၄၀မမ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရဲနဲ့စစ်သား ထိခိုက်မှုကတော့ သေသေချာချာ မသိရသေးဘူးဗျ။ ထိခိုက်မှုမရှိဘူးလို့လည်း သိရတယ်” ဟု Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုကို မြို့ပြလွတ်လပ်ရေး(Urban Freedom)စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မနေ့က လုပ်ခဲ့တဲ့ မစ်ရှင်မှာ အသုံးပြုခဲ့တဲ့ ၄၀မမက ဧပြီလ ၆ရက်ကနေ ၁၀ရက်နေ့အထိလုပ်တဲ့ “ မမနဲ့အတူ မြို့ပြကူ” ကမ်ပိန်းက ရတာပါ။ပြည်သူတွေဆင်ပေးထားတဲ့ ၄၀ မမနဲ့ နောက်ထပ်အများကြီး ဘေးကင်းကင်းနဲ့ ကြိုးစားချပြချင်ပါသေးတယ်” ဟု ရဲဘော်ပန်ဒါက ပြောသည်။
ပေါက်ကွဲမှုအပြီး ဧပြီ ၂၈ရက်၊ ညရှစ်နာရီခန့်က လှိုင်သာယာ မြို့မရဲစခန်းထဲသို့ လူနာတင်ယာဉ် နှစ်စီး ဝင်သွားခဲ့ပြီး လမ်းပိတ် စစ်ဆေးမှုများ ရှိခဲ့ကြောင်း လှိုင်သာယာ၊ငါးထိပ်ပန်းခြံအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
“ မနေ့က ည ခုနှစ်ခွဲလောက်မှာ ပေါက်ကွဲသံအကျယ်ကြီး လေးချက်ကြားရတယ်။စစ်သားတွေပိတ်ပြီး စစ်ဆေးတာကတော့ လမ်းမတန်းပေါ်မှာပဲ။မီးခွက်ဈေးထိပ်နဲ့ သုံးထိပ်ကို စစ်တယ်။ငါးထိပ်က သုံးဘီးသမားတွေဆို အကုန်ရပ်ကွက်ထဲဝင်ပြေးကြတယ်။လှိုင်သာယာဆေးရုံဘက်ကို လူနာတင်ကားတွေ ည ၈နာရီ ၁၀လောက်မှာ ပြန်ထွက်သွားပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တော်အတွင်း၌ ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးပစ်မှတ်များအား ရှောင်တခင်တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါ စောင့်ကြပ်နေကြကြောင်း MPA က စုံစမ်းသိရသည်။