By MPA CJ 008
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှ ကုန်တင်ကားများအနေဖြင့် စစ်ကောင်စီ၏ ထောက်ခံစာမပါပါက ပခုက္ကူမြို့သို့ ဝင်ခွင့်မရကြောင်း ဒေသခံကုန်တင်ကားသမားများထံမှ စုံစမ်းသိရှိရသည်။
ပခုက္ကူမြို့နှင့်မြိုင်မြို့ကြားရှိ စစ်ကောင်စီ၏ အင်ပင်ဂိတ်စခန်းတွင် ကုန်တင်ကားများအား တားဆီးစစ်ဆေး၍ မြိုင်မြို့ရဲစခန်းမှ ထောက်ခံစာမပါလျှင် ပခုက္ကူဘက်သို့ ဖြတ်သန်းသွားလာခွင့်မပြုကြောင်းသိရသည်။
“မြိုင်ကထောက်ခံစာမပါလို့ဆိုပြီး အင်ပင်ဂိတ်ကနေပြီးတော့ တားပြီး ပခုက္ကူကို ဝင်ခွင့်မပြုတာဗျ။ အဲ့ဒါနဲ့ ကျနော်ကတော့ ပခုက္ကူကဆိုင်ကိုပဲ ဖုန်းဆက်ပြီး အင်ပင်ဂိတ်အထိ လာပို့ခိုင်းခဲ့ရတယ်။ အဲ့ဒီကမှတဆင့် ကျနော်တို့က ဒီဘက်ပြန်သယ်လာရတာပေါ့”ဟု ကားသမားတစ်ဦးက MPA သို့ ပြောသည်။
ယခင်က ကုန်တင်ကားများ ပခုက္ကူသို့သွား၍ ကုန်သွားတင်ပါက ထိုသို့ ထောက်ခံစာများ မလိုခဲ့သော်လည်း ယခုနောက်ပိုင်းမှသာလိုအပ်လာသည်ဟု သိရသည်။
“ထောက်ခံစာလိုတယ်ဆိုလို့ မြိုင်ရဲစခန်းသွားပြီး ထောက်ခံစာလုပ်တော့လည်း ကားထိုးရမယ်တဲ့ဗျ။ ပြီးတော့ သူတို့ခွင့်ပြုတဲ့ ကုန်ပဲတင်ရမယ်။ ကားအမျိုးအစားလိုက်ပေါ့ စာရင်းတွေတော့ပြတယ်။ ကျနော်တို့က ကားတော့ယူမသွားရဲဘူးလေ။ သူတို့က အကြောင်းမရှိအကြောင်းရှာ ရစ်နေတာ”ဟု ကားသမားတစ်ဦးက ဆက်ပြောသည်။
ယခုလို စစ်ကောင်စီအင်ပင်ဂိတ်မှ ကုန်တင်ကားများအား မြိုင်မြို့ထောက်ခံစာမပါလျှင် ပခုက္ကူသို့ဝင်ခွင့်မပြုသည့်အတွက် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကုန်စုံဆိုင်လုပ်ငန်းလုပ်သူများမှာ အများအားဖြင့် ကုန်စည်ပြတ်လပ်သည့် အခက်အခဲများဖြစ်နေရသည်ဟု စုံစမ်းသိရှိရသည်။