By MPA CJ 012
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသသည် ယမန်နေ့ညပိုင်းက ပျံညလွန်တော်မူခဲ့ကြောင်း ဆရာတော်၏ တပည့်များထံမှ သိရသည်။
“ဟုတ်ပါတယ်။ ညကပဲပျံလွန်တော်မူသွားတာပါ။ ဆရာတော် သီတင်းသုံးသည့် မန္တလေး ဗန်းမော်ကျောင်းတိုက်မှာပဲ ပျံလွန်တော်မူတာပါ။ သက်တော်က ၉၄ နှစ်ရှိပြီးတော့ ဝါကတော့ ၇၄ ဝါရှိပါပြီ”ဟု ဗန်းမော်ဆရာတော်၏ တပည့်သာဝကတစ်ပါးက မိန့်သည်။
ကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်) သည် ယမန်နေ့ (မေ ၂၅ ရက်) ည ၁၁ နာရီခန့်က ဆရာတော် သီတင်းသုံးသည့် မန္တလေး ဗန်းမော်ကျောင်းတိုက်၌ပင် ပျံလွန်တော်မူခဲ့ကြောင်းသိရသည်။
ဆရာတော် ဦးကုမာရာဘိဝံသသည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ရဘဲရွာဇာတိဖြစ်ပြီးအသက် ၁၃ နှစ်အရွယ်တွင် သာသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့သူ ဖြစ်သည်။
နဝမမြောက် ဗန်းမော်ဆရာတော်ဟူ၍လည်း သိကြသော ဆရာတော် ဦးကုမာရာဘိဝံသသည် ပြည်တွင်းကသာမက ပြည်ပကပါ သာသနာဘွဲ့ထူးများ ရရှိထားပြီး အဋ္ဌကထာကျမ်းကြီး ကိုးကျမ်းကို ပါဋ္ဌိဘာသာဖြင့် ဖြေဆိုအောင်မြင်ပြီး “ သိရောမဏိ” ဘွဲ့ကိုရရှိခဲ့သော တစ်ဦးတည်းသော ဆရာတော်တပါးလည်း ဖြစ်သည်။
ဆရာတော်သည် စာပေကျမ်းဂန်ပေါင်းများစွာကိုလည်း သင်ကြားပို့ချပြီး ရေးသားပြုစုခဲ့သည်။ ၂၀၁၀ ပြည့်နှစ် မှ ယနေ့အထိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ ဥက္ကဋ္ဌနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌတို့အပြင် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ်ဆောင်ရွက်ခဲ့သည်။