မတ်လ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့တွင် တစ်မြို့လုံးနီးပါး နေအိမ်များ ပျက်စီးသွားသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မတ်လ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီခန့်အထိ တိုက်ခတ်ခဲ့ပြီး လူနေအိမ် ၉၀ ရာခိုင်နှုန်းခန့်မှာ ပျက်စီးသွားသည်ဟု စစ်တွေမြို့ခံတစ်ဦးက MPA သို့ ပြောသည်။
“ရေက မရှိတော့ပါဘူး။ မနေ့က ၁၂ နာရီခွဲလောက်ကနေ စတိုက်တာ ည ၆ နာရီလောက်မှ ပြီးပါတယ်။ မွန်းလွဲ သုံးနာရီလောက်မှာ ဖုန်းလိုင်းတစ်ခုမှ မရတော့ဘူး။ အပျက်အစီးကတော့ များပါတယ်။ အနောက်စံပြနဲ့ မြောက်စံပြတို့၊ ဓညဝတီဘက်တို့ အများအားဖြင့် ထိခိုက်ပါတယ်။ များသောအားဖြင့် သံဖြူတွေ၊ အိမ်ခေါင်မိုးတွေ၊ မီးကြိုးတွေ အကုန်ပါသွားတယ်။ ကိုးဆယ်ရာခိုင်နှုန်းလောက်ပါ။ လမ်းတွေလည်းပိတ်နေပါတယ်”ဟု ၎င်းက ပြောသည်။
လူနှင့် သက်ရှိထိခိုက်မှု တစ်စုံတစ်ရာမရှိသေးကြောင်း ကနဦးသိရှိရသော်လည်း ကယ်ဆယ်ရေးလုပ်ကိုင်နေသူများထံမှ အတည်ပြုချက်တစ်စုံတစ်ရာကို MPA အနေဖြင့် မရှိသေးပေ။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ၏ လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
ရခိုင်တွင် ယမန်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့တွင် လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ အစိုးရဌာနဆိုင်ရာများမှလည်း ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်းတွေ့ရသည်။