မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့အတွင်းသို့ ယနေ့ မေလ ၁၄ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်တွင် ကုလားတန်မြစ်ကမ်းဖက်မှ မြစ်ရေ ၄ ပေခန့်အထိ တက်လာနေကြောင်း သိရသည်။
ရေတက်လာနေသည့် စစ်တွေရှိ ရပ်ကွက်တချို့မှာ မိဇံ၊ မြို့သူကြီး၊ ရွှေပြားနှင့် အိုးတန်းရပ်ကွက်တို့အပြင် မြေနှိမ့်ပိုင်းရပ်ကွက်တချို့ဖြစ်ကြောင်း ဒေသခံများကပြောသည်။
မိဇံရပ်ကွက်မှ နေထိုင်သူတစ်ဦးက “ လေတအားတိုက်နေတယ်။ ကျွန်တော်တို့ အိမ်မှာ ရေ လေးပေလောက်အထိရောက်လာတယ်။ အိမ်ခေါင်မိုးတွေလည်း ပွင့်ထွက်ကုန်ပြီ။ အိမ်ကိုထားခဲ့ပြီး ဘေးလွတ်ရာကို ထွက်လာခဲ့ရပါတယ်” ဟုပြောသည်။
အဆိုပါမုန်တိုင်းမှာ နေ့လယ် ၁၂ နာရီခန့်က စတင်တိုက်ခတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရပ်ကွက်အတွင်သို့ ကုလားတန်မြစ်ကမ်းမှတဆင့် ဒီရေတက်လာနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းမှာ မြောက်အရှေ့မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး စစ်တွေမြို့၏ရေမိုင် (၈၀)မိုင်ခန့်၊ မောင်တောမြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင်(၈၅)မိုင်ခန့် ၊ ကျောက်ဖြူမြို့၏အနောက်တောင် ရေမိုင်(၁ဝဝ)ခန့်၊ ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇားမြို့( Cox’s Bazar) ၏ တောင်ဘက် ရေမိုင်(၁၂ဝ)ခန့်အကွာ ပင်လယ်ကို ဗဟိုပြုနေခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နေ့လည် ၁ နာရီခန့်က ထုတ်ပြန်ထားသည်။
၎င်းအပြင် လေပြင်းတိုက်ခတ်စဉ် လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၆ ပေနှင့် ပေ ၂ဝ ခန့်နှင့် နောက် ၂၄ နာရီအတွင်း ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၁၁ဝ) မှ (၁၂ဝ)ခန့်အထိတိုက်ခတ်နိုင်ကြောင်းသတိပေးထားသည်။