မုံရွာ-မန္တလေး လမ်းမကြီးတစ်လျှောက် မိုင်းရှာထွက်လာသောစစ်သားများ မိုင်းတစ်လုံးမျှမရဘဲ မိုင်း ဆွဲခံလိုက်ရကြောင်းသိရသည်။
မေလ၅ရက်နေ့၊နံနက် ၁၀နာရီ ၁၀မိနစ်ခန့်က မုံရွာ-မန္တလေးလမ်းတစ်လျှောက် မိုင်းရှာထွက်လာသော စစ်ကောင်စီတပ်သား ၃၀ခန့်တို့ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းရွာနှင့် ဂွေးပင်တောရွာကြားရှိ မိုင်းကွင်းပေါ်သို့ အ ရောက်ပဒေသာမိုင်း၈လုံးတွဲဖြင့် ဒေသတွင်း PDF တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးနိုင်ကြောင်းBlack Eagle Defence Force-MMU က ထုတ်ပြန်သည်။
“မနေ့ကတော့ စကစဘက်က အင်အား ၃၀လောက်နဲ့ မိုင်းရှာကြတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့မိုင်းကွင်းပေါ်အရောက်မှာ ပဒေသာမိုင်း(၈)လုံးတွဲနဲ့ တိုက်ခိုက်ခဲ့တယ်။ သူတို့ မိုင်းရှာပေမယ့် ကျွန်တော်တို့ဘက်ကနေ တစ်လုံးမှတော့ မပါသွားဘူး”ဟု Black Eagle Defence Force-MMU တာဝန်ခံ ဗိုလ်စံရှားက MPAသို့ ပြောသည်။
မိုင်းရှာထွက်လာသော စစ်သားများကို ရိုးရိုးမိုင်းအား ပဒေသာတပ်ဆင်ပြီး မိုင်း(၈)လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းတစ်လုံး၏တန်ဖိုးမှာ မြန်မာငွေကျပ် သုံးသိန်းနီးပါးရှိကြောင်း သိရသည်။
စစ်သားများ မိုင်းကွင်းထဲဝင်ရောက်ချိန်တွင် မိုင်းဆွဲခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးမှုများနိုင်သော် လည်း မြေပြင်အခြေအနေ အသေးစိတ်ကိုမူ မသိရှိသေးကြောင်း ဗိုလ်စံရှားက ပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်သော်လည်းPDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
ယင်းစစ်ဆင်ရေးကို Black Eagle Defence Force-MMUက ဦးဆောင်ကာ မြောင်မြို့နယ် TGRပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းမူမြို့နယ် ပ.က.ဖ၊နှင့် People Defence Force Myinmu-MMU PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။