ယခုနှစ်အတွင်း လွတ်ရက်စေ့တော့မည့် နိုင်ငံရေး အကျဉ်းသားများကိုသာ စစ်ကောင်စီကလွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပုဒ်မ၅၀၅(က)ဖြင့် မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား/သူ ၂၁၅၃ဦးကို ပုဒ်မ၄၀၁၊ ပုဒ်မခွဲ(၁) စည်းကမ်းသတ်မှတ်ချက်ဖြင့် မေလ ၃ရက်နေ့(ကဆုန်လပြည့်နေ့) တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ရာ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများမှာ ပုံမှန်လွတ်ရက် စေ့ရန် တစ်နှစ်အောက်သာ ကျန်ရှိတော့သူများဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုနှစ်အတွင်း လွတ်ရက်စေ့ကာလွတ်တော့မည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုခန့်သူအောင်၊အတွင်းရေးမှူးဟောင်းကိုမင်းဟိန်းခန့်နှင့် အလုပ်အမှုဆောင်ကိုဖြိုးကျော့နိုင်တို့ ကဆုန်လပြည့်နေ့ လွတ်ငြိမ်းဖြင့် လွတ်လာသော်လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဘဏ္ဍာရေးတာဝန်ခံမယဥ်မြတ်နိုးဦးမှာမူ ထောင်၆နှစ်ကျခံနေရသူဖြစ်၍ လွတ်ငြိမ်းခွင့်ထဲ မပါပေ။
” ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဖမ်းခံထားရတာ၄ယောက်ပါ၊ မနေ့က ၃ယောက်လွတ်လာတယ်၊မယဥ်မြတ်နိုးဦးကိုတော့ တာမွေမြို့နယ်နဲ့မင်္ဂလာတောင်ညွန့်တရားရုံးက ပုဒ်မ ၅၀၅-က တပ်ပြီး နှစ်ကြိမ်စွဲတော့ ၆နှစ်ကျတာ၊ခုလွှတ်ပေးတာကဒီနှစ်ထဲလွတ်မယ့်သူတွေကိုလွှတ်ပေးလိုက်တာ” ဟု ၎င်းကပြောသည်။
၎င်းတို့၄ဦးကို စစ်ကောင်စီက ယမန်နှစ် ဧပြီ ၁၃ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ စစ်ကောင်စီက ကျနော်တို့ကိုမတရားဖမ်းဆီးပြီးပုဒ်မတွေနဲ့အမိန့်ချထောင်ချတယ်။အခုချိန်မှာကျနော်တို့က ကျနော်တို့လွတ်ရက်နဲ့ လွတ်ရတော့မယ့်အချိန်မှာ ပြစ်ဒဏ်ထပ်လုပ်ရင် နောက်တစ်ခါ ကျခံရမယ့်ပြစ်ဒဏ်နဲ့ပေါင်းကျခံရမယ်ဆိုတဲ့လက်မှတ်ထိုးခိုင်းတယ်။မထိုးချင်ဘဲထိုးခိုင်းတဲ့အရာပေါ့၊ကျနော်တို့လွတ်ရက်နဲ့လွတ်ရတော့မှာကိုလွတ်ငြိမ်းနဲ့လွှတ်ပေးတာကျနော်တို့ကိုစော်ကားတယ်လို့မြင်တယ်” ဟုကဆုန်လပြည့်နေ့ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား တစ်ဦးကပြောသည်။
ဖမ်းဆီးခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် သရက်ထောင်မှ ၃ဦး၊အင်းစိန်ထောင်မှ၃ဦးနှင့် သာယာဝတီထောင်မှ၁ဦးစုစုပေါင်း ၇ဦးလွတ်မြောက်ခဲ့သည်ဟုသိရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁၈၇၉ ဦးရှိပြီး ထိုအထဲမှ ၁၇၇၉၇ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၅၈၀၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကထုတ်ပြန်ထားသည်။