PDF များက မိုင်းခွဲဖျက်ဆီးခဲ့သည့် ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေကြည်ချောင်းတံတားကို စစ်ကောင်စီတပ်က ပြန်လည်ပြုပြင်ရန်စီစဉ်နေကြောင်း သိရသည်။
ဧပြီလ ၃၀ ရက်နေ့၊ ည ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်၊ ရွှေကျင်ဗျူဟာစခန်း၏ အဓိက ဆက်သွယ်ရေးဖြစ်သော ညောင်လေးပင်-မဒေါက်လမ်းပေါ်ရှိ ရေကြည်ချောင်းတံတားကို ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မေလ ၁ ရက်နေ့မှစ၍ ယင်းတံတား အနီး၌ စစ်ကောင်စီတပ်က ကင်းပုန်းချထားကာတံတားဘေး မြေသား လမ်းပေါ်မှ ကားများမောင်းနှင်စေ၍ တံတားကိုပြင်ဆင်ရန်လည်း ကြိုးစားနေကြောင်းညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရသည်။
“တံတားကျိုးတော့ အောက်လမ်း၊မြေသားလမ်းက မောင်းတယ်။နွေရာသီဆိုတော့ ရေမရှိဘူး။မြေသားကလည်း မာတယ်။တံတားကို မိုင်းခွဲပြီး မကြာဘူး၊ စစ်တပ်က ကင်းပုန်းချထားတယ်။ပစ်တာခတ်တာတော့မရှိဘူး။တံတားကိုတော့ ဒီကောင်တွေပြင်ဖို့စီစဥ်နေတယ်လို့ကြားတယ်။အုတ်၊သဲ၊ကျောက်တွေ ချထားတာမျိုးတော့ မရှိသေးဘူး”ဟု ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရေကြည်ချောင်းတံတားသည် ရွှေကျင်နှင့်ကျောက်ကြီး မြို့နယ်အပြင်တပ်မဟာ(၅)ဘက်အထိဖောက်ထွက်၍ရသော ညောင်လေးပင်-မဒေါက်လမ်းပေါ်တွင်ရှိပြီး စစ်ကောင်စီတပ်အတွက်စစ်ကူနှင့် ရိက္ခာပို့ရန် အရေးပါ သဖြင့် PDFများက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။