ယခုနှစ် နွေရာသီသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရာသီဥတုအပူရှိန်လွန်ကဲနေပြီး ပြည်သူအများအပြား အပူချိန်မြင့်တက်မှုဒဏ်ကို ခံစားနေရကြောင်း သိရသည်။ မိုးများလေ့ရှိသည့် ကရင်ပြည်နယ်၌ပင် အပူဒဏ်ကို ပြင်းထန်စွာခံစားနေရပြီး မြစ်၊ ချောင်းများတွင်လည်း ရေများခမ်းခြောက်လျက်ရှိကာ ရေမလုံလောက်မှု ပြသာနာများဖြစ်ပေါ်နေကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
” ကျွန်တော်တို့ စခန်းမှာ ရေပြတ်သွားလို့ ရေမချိုးရတဲ့နေ့တွေတောင် ရှိတယ်။ ရေရှိနေသေးတဲ့ မြစ်၊ ချောင်းတွေဘက် ကျွန်တော်တို့ရဲဘော်တွေစုပြီး ရေသွားချိုးကြတဲ့အခါလည်း ရှိပေမယ့် ရေတွေက မိုးတွင်းတုန်းကလို မသန့်ဘဲ အနယ်တွေနဲ့ နှောက်နေတော့ ယားယံတာတွေ ဖြစ်ကြလို့ တော်တော်အဆင်မပြေပါဘူး။ ပြီးတော့ တချို့ရဲဘော်တွေဆို ယားနာတွေပါ ဖြစ်ကြလို့ ဆေးလိမ်းနေရတယ် “ ဟု အဆိုပါ ရဲဘော်က ပြောသည်။
ရာသီဥတု အလွန်ပူပြင်းသည့်အတွက် ကရင်ပြည်နယ်အတွင်းနေရာတချို့တွင် မြစ်၊ ချောင်း၊ အင်းအိုင်တချို့ ရေများခမ်းခြောက်နေသည့်အတွက် ချိုးရေ၊ သုံးရေ၊ သောက်ရေ ခက်ခဲမှု ပြသာနာများ ကြုံတွေ့နေရသည်ဟု စုံစမ်းသိရှိရသည်။
ရဲမေတစ်ဦးကလည်း ” တောင်ကျချောင်းတွေကနေ ညီမတို့ စခန်းကို ရေသွယ်ထားတာပေါ့နော်။ အခု ရာသီဥတုကလည်း အရမ်းပူတော့ ရေတွေ ခန်းခြောက်ကုန်တယ်ထင်တယ်။ စခန်းမှာ ရေမလာတော့ဘူးမို့ အခုလို ပူအိုက်တဲ့ ရာသီမှာ ရေခဏခဏ ချိုးချင်ပေမယ့်လည်း ရေမလာတော့ ရေချိုးဖို့ တိုင်ပတ်နေတယ်။ စခန်းက အစ်ကိုတွေကတော့ ရေရအောင် ကြိုးစားပေးကြပါတယ်။ ရေးအားက နည်းပြီး အရင်ရေချိုးတဲ့ နေရာအထိ ရေမတက်နိုင်တော့ ရေလာတဲ့ နေရာအထိ သွားပြီး အဲ့ဒီမှာဘဲ ပုံးတွေနဲ့ ရေခံပြီး ချိုးရတာပေါ့။ တော်တော်လေးကို ခက်ခဲပါတယ် “ ဟု ပြောသည်။
ယမန်နေ့ညနေအထိ မိုးဇလမှ တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက် စံချိန်တင် အပူချိန်များ မြင့်တက်နေပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေကြောင်း သိရှိရသည်။
ထိုသို့ မြန်မာနိုင်ငံနေရာ ဒေသအနှံ့အပြားတွင် နေ့အပူချိန်များ တဖြည်းဖြည်းတိုးလာလျက်ရှိပြီး ပြည်သူများအတွက် ကျန်းမာရေး စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိကာ အပူဒဏ်ကြောင့် သေဆုံးခြင်း၊ မူးမေ့လဲခြင်း၊ ပြည်သူများ ရုတ်တရက် ဖျားနာမှုများပါ ခံစားလာရကြောင်း သိရှိရသည်။ ထို့ကြောင့် အပူဒဏ်နှင့် ပတ်သက်သော အပူလွန်ကဲခြင်းနှင့် အပူဒဏ်ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အကြံပြုချက်များကို NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။
ထို့အပြင် ယခင် ၂၀၂၀ – ၂၀၂၂ အထိ သုံးနှစ်အတွင်း လာနီညာနှစ်များ ဖြစ်ခဲ့ပြီး အပူလျော့ကာ မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုနှစ်တွင် ဖြစ်ပေါ်နေသော အယ်နီညိုသည် နောက်လာမည့် ၂၀၂၄ ခုနှစ် နွေဦးအထိ အယ်နီညို ညွှန်းကိန်းမြင့်တက်လာနိုင်သဖြင့် ထပ်တိုးလာနိုင်သော အပူချိန်သည် စိုးရိမ်ဖွယ် အဆင့်ထိ ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။