By MPA CJ 013
မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ထားသည့်အပြင် ဧပြီလ ၂၅ ရက်နေ့တွင် သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်ကြောင်း ဗကသများအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် မတ်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်ပြီးတစ်လကျော်အကြာတွင် ၅၀(စျ) ၊ ၄၉(က )တို့ဖြင့်လိုထပ်တိုး အမိန့်ချပြီး လက်ရှိသေဒဏ်တိုက်သို့ပြောင်းလဲလိုက်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တဦးကဆိုသည်။
“ ကိုကောင်းဆက်ပိုင် သေဒဏ်ချမှတ်ခံရတဲ့အနေအထားက ရှေ့နေလဲငှားခွင့်မရဘူး။သူ့ကိုတပ်ချင်တဲ့ ပုဒ်မတပ်ပြီး ချချင်တဲ့အမိန့်ကို ချလိုက်တယ်လို့မြင်တယ်။ ဗကသရဲဘော်တစ်ယောက်ဆိုတာ သူတို့ကသိပြီးသားဖြစ်လို့ ဗကသကိုဦးတည်ပြီး ဖိနှိပ်တဲ့ပုံမျိုးလို့မြင်တယ်။ “ ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တဦးက ဆိုသည်။
ဗကသအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုကောင်းဆက်ပိုင်အား ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခြင်း၊ သေဒဏ်အမိန့် ချမှတ်ခြင်းနှင့် ဗကသရဲဘော်များအား မတရားပုဒ်မများတပ်ကာ ဖမ်းဆီးထောင်ချထားခြင်းများ အပါအဝင် ပြည်သူလူထုအား တရားမဲ့သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးထောင်ချမှုများ၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်းများအား ဖျက်ဆီးသိမ်းပိုက်ခြင်းများ အားလုံးကို ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်းယနေ့ ဗကသများအဖွဲ့ချုပ် ထုတ်ပြန်ချက်တွင်ထည့်သွင်းထားခဲ့သည်။
ဗကကထုတ်ပြန်ချက်တွင် “ အဆိုပါလုပ်ရပ်များသည် အာဏာသိမ်းဖက်ဆစ်တပ်၏ မတရားသဖြင့် တဖက်သတ်စီရင်ချက်များဟု ဗကသများအဖွဲ့ချုပ်က ပြတ်ပြတ်သားသား ရှုမြင်ယူဆသည်။ ထို့ကြောင့် ဗကသရဲဘော်များ အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့/ကျူးလွန်ဆဲ မတရားမှုများ၊ စစ်ရာဇဝတ်မှုများအား စစ်အုပ်စုအနေဖြင့် ၎င်းတို့ကျူးလွန်သမျှ ဖိနှိပ်မှုတိုင်းအတွက် မုချတာဝန်ခံရမည်ဖြစ်ပြီး အဆိုပါလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။ “ ဟုပါရှိသည်။
အသက် ၂၀ နှစ်အရွယ်ရှိ ဗကသအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုကောင်းဆက်ပိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီ ၏ ဖမ်းဆီးခံခဲ့ရပြီး ယခုကဲ့သို့ မတရားအမိန့် ချမှတ်ခံရခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုဥက္ကဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပိုအား စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည်။
#သေဒဏ် #ဗကသ #စစ်ကောင်စီ #Myanmar #နိုင်ငံရေး