ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာနှင့် အလယ်ကုန်းစပ်ရှိရဲတပ်ရင်း (၃၀) ကို ဧပြီ ၁၁ ရက်နေ့၊ ည ၈ နာရီကျော်အချိန်ခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့်အပြင် လက်နက်ငယ်သံများလည်း ကြားရကြောင်း ရပ်ကွက်နေပြည်သူများက ဆိုကြသည်။
“ အိမ်နဲ့တော့ အရမ်းမဝေးတော့ အိမ်တောင်ခါ သွားတယ်။ ၈ နာရီ ၁၀ မိနစ်လောက်မှာ ဗုံးစကွဲတယ်။ ပြီးတော့ လက်နက်ငယ် ပစ်ခတ်သံ ဆယ်ချက်အထက် ကြားရတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို အတိအကျမသိရသေးပေ။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ထိုရဲတပ်ရင်းမှရပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ရပ်ကွက်နေ အသက် ၇ နှစ်အရွယ်ကလေးငယ်
တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့်မတ်လ ၂၇ ရက်နေ့က NUG၊PDF များကို ကူညီပေးနေသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပြောဆိုထားသည်။
မြစ်ကြီးနားမြို့ပေါ်တွင် နှစ်ဘက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများမရှိသော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် နှစ်ဘက်စစ်ရေးတင်းမာမှုများရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။