ဧရာဝတီတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ သွားရာလမ်းတွင်ရှိသည့် စစ်ကောင်စီ၏ ဗေဒါစုပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို မှတ်ပုံတင်အကြောင်းပြ ခြိမ်းခြောက်ငွေတောင်းနေကြကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရသည့် ခရီးသွားပြည်သူများက MPA သို့ ပြောသည်။
အဆိုပါဂိတ်တွင် ကုန်တင်ယာဉ်များ၊ ဆိုင်ကယ်များ၊ ခရီးသွားယာဉ်များနှင့် ခရီးသွားပြည်သူများကို စစ်ကောင်စီ လက်အောက်ခံ ရဲများမှစစ်ဆေးပြီး အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် မလဲရသေးသူများကို အနည်းဆုံး ကျပ်ငါးထောင်ကျစီ တောင်းယူနေသည်ဟု ဆိုသည်။
ထို့အပြင် ရခိုင်သို့ ဝင်လာ၍ မရကြောင်းလည်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသည်ဟု ခရီးသွားပြည်သူများက ပြောပြသည်။
“မြန်မာတစ်နိုင်ငံလုံး ကြိုက်သလိုသွားလို့ရတယ်။ ငါတို့ရခိုင်ကို ဝင်ရင်တော့ မရဘူးလို့လည်း ခြိမ်းခြောက်တယ်။ ၁၈ နှစ်ကတ်မလဲရသေးတဲ့ သူတွေကတော့ ကားပေါ်ကဆင်းပြီး ရှင်းရတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပြည်သူတစ်ဦးက MPA သို့ ပြောသည်။
ထို အဝေးပြေးယာဉ်များပေါ်တွင်ပါသည့် ယာဉ်မယ်တစ်ဦးက ခရီးသည်များ၏ မှတ်ပုံတင်များကိုစုယူပြီး အဆိုပါဂိတ်သို့ သွားရောက်ပြသရပြီး ထိုထဲမှ အသက် ၁၈ နှစ်ပြည့်ကတ် မလဲရသေးသူများကို စစ်ဆေးမှုများပြုလုပ်ကာ ခြိမ်းခြောက်ငွေတောင်းယူနေကြခြင်းဟု ရှင်းပြကြသည်။
“၁၈ နှစ်ကတ် မလဲရသေးတဲ့ သူတွေကို ပိုက်ဆံငါးထောင်ကျပ်ကောက်တယ်” ဟု ကိုယ်တိုင်ပေးခဲ့ရသူ တစ်ဦးက MPA သို့ ပြောသည်။
ထို စုပေါင်းစစ်ဆေးရေးဂိတ်သည် ဧရာဝတီတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့အဝင် ဂွ-ငသိုင်းချောင်းလမ်းကြောင်းတွင် တည်ရှိနေသဖြင့် စစ်ကောင်စီလက်အောက်ခံများ ခြိမ်းခြောက်ငွေတောင်းယူရန် အခွင့်အရေးရနေသည့် ဂိတ်တစ်ခုဖြစ်ကြောင်းလည်း ပြည်သူများက ဆိုကြသည်။
ထို စုပေါင်းစစ်ဆေးရေးဂိတ်တွင် လဝက၊ ရဲ၊ စစ်တပ်အပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့များပါ အစုံအထိုင်ချ စစ်ဆေးမှုများပြုလုပ်နေကြပြီး ငွေပေးထားသည့် မူးယစ်းဆေးဝါးကားများနှင့် လူကုန်ကူးကားများကို လွှတ်ပေးနေသော်လည်း ရခိုင်မှ ပြည်မသို့သွားသည့် ငွေမပေးသော ရိုဟင်ဂျာများကို မကြာခဏ ဖမ်းဆီးနေသည်ဟုလည်း ဒေသခံများက ရှင်းပြသည်။