ယနေ့တွင် ကျရောက်သည့် ရခိုင့်တပ်တော် (AA) တည်ထောင်ခြင်း ၁၄ နှစ်ပြည့် အခမ်းအနားသို့ မဟာမိတ်တော်လှန်ရေးညီနောင်အဖွဲ့ ၈ ဖွဲ့က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
သဝဏ်လွှာကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA -Magway)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ အရှိုချင်းကာကွယ်ရေးတပ်၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးအင်အားစု (အနောက်ပိုင်း စစ်ဒေသ ) နှင့် ချင်းကာကွယ်ရေးတပ် (အရှို) စသည့် အဖွဲ့ရှစ်ဖွဲ့ မှ ကျေးဇူးတင်၀မ်းမြောက်ကြောင်း သ၀ဏ်လွှာအား ပေးပို့ခဲ့ခြင်းဖြစ်သည်။
“ နွေးဦးတော်လှန်ရေးမှ ပေါက်ဖွားလာ၍ အဖိနှိပ်ခံ လူမျိုးအသီးသီး၊ လူတန်းစားအသီးအသီးအတွက် ရင်ဆိုင် တိုက်ပွဲ၀င်နေသော တော်လှန်ရေး အဖွဲ့များအပေါ် ရခိုင့်တပ်တော် (AA) ၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသ ပေးမှုများအတွက် အထူးကျေးဇူး တင်ကြောင်း၊ ထိုကူညီမှုများအား အသုံးချ၍ အဖိနှိပ်ခံ ပြည်သူ့ဘ၀ လွတ်မြောက်ရေးအတွက် ကြံ့ကြံ့ခံ၍ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း” ဆို၍ သ၀ဏ်လွှာတွင် ပါရှိသည်။
“ ကျွန်တော်တို့ ပြောခဲ့သလို နိုင်ငံရေးအရ၊ စစ်ရေးအရ ခိုင်မာညီညွတ်မှု ရှိတဲ့ တပ်ပေါင်းစု ဖွဲ့နိုင်ရေးဆိုတာကို အပြောသပ်သပ်မဟုတ်ဘဲ အခုလိုဖြစ်လာဖို့ အပြန်အလှန် လေးစားယုံကြည်မှု၊ သဘောထားကြီးမှု၊ရိုးသားမှုများအပေါ် အခြေခံပြီး ကြိုးစားလျက် ရှိပါတယ်” ဟု သ၀ဏ်လွှာ ပူးတွဲထုတ်ပြန်မှုနှင့်ပတ်သက်၍ မဟာမိတ် သဘောထားအား PRA -Magway မှ စစ်ဦးစီးချုပ် ဟာကြူလီက ပြောပြသည်။
ထိုသ၀ဏ်လွှာ၌ ပါရှိသော မဟာမိတ်အဖွဲ့ များအနေဖြင့် ပြီးခဲ့သည့် လူထုတော်လှန်းမဟာမိတ် အင်အားစု (PRA -Magway) ၏ ၂ နှစ်မြောက် တပ်မွေးနေ့ အထိမ်းအမှတ်အဖြစ်လည်း မဟာမိတ် (၈) ဖွဲ့ ပေါင်း၍ ခိုင်မာသည့် တပ်ပေါင်းစု တစ်ခု ဖြစ်လာရန် သဘောထား ထုတ်ပြန်ခဲ့သည်များလည်း ရှိခဲ့သည်။
“ ကျွန်တော်တို့ ကြားမှာ မတူကွဲပြားမှုတွေ ရှိနေပေမဲ့ ဘုံရည်မှန်းချက်တွေက အရမ်းခြားနားနေတာမျိုး မရှိပါဘူး။ အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ အစည်းအဝေးတွေမှာ ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြတာတွေ ရှိပေမဲ့ ကိုယ့်အတ္တတွေထက် ဖြစ်သင့်တာကိုပဲ အမြဲဦးစားပေး ဆောင်ရွက်လျှက် ရှိပါတယ်” ဟု တပ်ပေါင်းစု ဖွဲ့နိုင်ရေးအတွက် အကောင်းဆုံး ကြိုးစားလျက်ရှိကြောင်း ဆက်လက် အသိပေးသည်။
ထို့အပြင်” သိပ်မကြာခင်မှာပဲ ဒီလိုကြိုးစားဆောင်ရွက်ခဲ့ကြတာတွေရဲ့ အသီးအပွင့်တွေ မြင်တွေ့ကြရတော့မယ်ဆိုတာ ယုံကြည်ကြောင်း ” (PRA -Magway) က ပြောပြသည်။
ယနေ့တွင် ကျရောက်သော ရခိုင့်တပ်တော်၏ ၁၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ညီနောင်တပ်တော်များ ဖြစ်သော တအောင်း တပ်မတော် (TNLA)၊ ကိုးကန့် တပ်မတော် (MNDAA)၊ မန္တလေးကျန်းမာရေးအင်အားစုအပါအ၀င်၊ တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။