မယ်ဒလင်တစ်လက်ဖြင့် မြန်မာသံစဉ်သီချင်းများကို ဖွဲ့နွဲ့ခဲ့သူ နိုင်ငံကျော်အဆိုတော် တွံတေးစိုးအောင် သည် ယနေ့နံနက် ၂ နာရီကျော်က ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
“ မနက်က ဆုံးတာပါ။ ရန်ကုန်ဆေးရုံကြီးမှာ ဆုံးတာ။ ဦးနှောက်သွေးကြောပြတ်တာ” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တွံတေးစိုးအောင် သေဆုံးမှုနှင့်ပတ်သက်ပြီး သားဖြစ်သူ တွံတေးဟိန်းကျော်ကလည်း လူမှုကွန်ရက်ပေါ်တွင် Live လွှင့်ကာ အသိပေးခဲ့သည်။
“ ဒီမနက်ပေါ့။ ၂ နာရီ ၃ မိနစ်က ကျွန်တော့်ရဲ့ အဖေ နိုင်ငံကျော်တေးသံရှင် တွံတေးစိုးအောင် ကွယ်လွန်သွားပါပြီ။ အားပေးကြတဲ့ပရိသတ်ကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ တွံတေးဟိန်းကျော် ကဆိုသည်။
တွံတေးစိုးအောင်သည် ရုတ်တရက် သွေးတိုးလာသောကြောင့် ယမန်နေ့ညက ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁၁ရက်တွင် တွံတေးစိုးအောင်၏ဈပနကို ထိန်ပင်သုဿန်၌ ပြုလုပ်မည် ဖြစ်သည်။
တွံတေးစိုးအောင်သည် ကိုယ်ပိုင်သီချင်းများစွာရေးစပ်သီဆိုခဲ့သည့် နိုင်ငံကျော်အဆိုတော်ဖြစ်ပြီး တေးစီးရီးပေါင်းများစွာနှင့် ဗီဒီယိုကားများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။