စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်ရင်းမွေးဖွားခဲ့သည့် အမွှာပူးကလေး ၂ ဦး အတွက် အရေး ပေါ် အကူအညီ လိုအပ်နေကြောင်း သိရသည်။
ယင်းအမွှာပူး ကလေးမိဘတို့၏အိမ်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ ပြာကျခဲ့ပြီး နို့ဘူးတစ်ဘူးတည်းနှင့်တစ်ရက်လျှင် ၂ကြိမ်သာ နို့တိုက်ပေးနိုင်ကာ မိခင်နို့ရည် မသောက်နိုင်ကြောင်း ခင်ဦးမြို့နယ်သတင်း မှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
ထိုကလေးအမွှာပူးမှာ နို့ဘူးပြဿနာ လတ်တလောခက်ခက်ခဲခဲ ရင်ဆိုင်နေရသလို၊ အရေးပေါ် အကူအညီ လိုအပ်နေသည့် သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်မိခင်များလည်းရှိကြောင်း သိရသည်။
“ကလေးမိခင်က ပြေးရင်းလွှားရင်း မွေးရတာရော၊ အာဟာရ အင်မတန်အားနည်းနေတာရော၊ အိမ်လည်းမီးရှို့ခံရပြီး ဘယ်နေ့ ဘာဖြစ်မလဲ စိုးရိမ်ရတာရောလို့ ထင်ပါတယ်။ မိခင်နို့ရည်အဆင်မပြေဘူးလို့ ကြားရတယ်”ဟု ခင်ဦးဒေသ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။
ခင်ဦးမြို့နယ်အတွင်း လတ်တလောစစ်ကြောင်းရှောင်ပြည်သူများထဲ၌ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ သွေးနုသားနုမိခင်၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် စုစုပေါင်း ၁၀၀ ကျော်ရှိနေကြောင်း ခင်ဦးမြို့ နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“စစ်ရှောင်ရင်းနဲ့လည်း ဝမ်းပျက်ဝမ်းလျှောရောဂါအအေးမိ ညောင်ညာလို့ ဖျားနာကြတဲ့ အခြေအနေတွေရှိနေပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုသည်။
မတ်လ၇ရက်နေ့၊နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်၊သရက်ကုန်းကျေးရွာက အသက်၉၀ကျော်အရွယ် အဘွားတစ်ဦး စစ်ဘေးရှောင်နေစဉ် အအေးမိ၍ သေဆုံးသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“စစ်တပ်က သက်ကြီးရွယ်အိုတွေကိုလည်း မီးထဲရှို့နေတော့ အသက်ကြီးလည်းပြေးရတာပဲ။ တောထဲမှာ အမိုးအကာမရှိ ဖြစ်သလိုအိပ်၊ဖြစ်သလို စားဘဝဆိုတော့ အေးလည်းအေးနေတော့ အအေးမိပြီးဆုံးတာလို့ ကြားရတယ်”ဟု ခင်ဦးဒေသစစ်ရှောင်ကူညီနေသူကပြောသည်။
ထို့အပြင် မတ်လ၆ရက်နေ့ကလည်း ကန့်ဘလူနယ် ကျီစုရွာဘက်မှ စစ်ကြောင်းလာသဖြင့် ခင်ဦးမြို့နယ် ငါးရုံကြီးရွာ၊ရှားတောရွာနှင့် မုံလှရွာနေဒေသခံများ တောထဲတိမ်းရှောင်နေစဉ် စစ်တပ်ပစ်သည့် လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး အသက်၈နှစ်အရွယ်ရှိ ၊မုံလှကျေးရွာသူ မစုရတနာမြင့် သေဆုံးခဲ့ကာ အမျိုးသား၂ဦးလည်း ဒဏ်ရာရခဲ့သည်။
ခင်ဦးစစ်ရှောင်ပြည်သူများကို တတ်နိုင်သမျှ ကူညီကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက မေတ္တာရပ်ခံထားသည်။