တောင်ဥက္ကလာပရဲစခန်းအနီးတွင် Gasကား တက္ကစီတစ်စီးမီးလောင်ကာ ကားပေါ်ပါ လူနှစ်ဦးသေဆုံးပြီး တစ်ဦးအရေးပေါ်ရောက်နေကြောင်းသိရသည်။
ဖေဖေါ်ဝါရီ၂၈ရက်နေ့၊ည ၈နာရီခွဲခန့်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သစ္စာလမ်း နဲ့ ဘုရားလမ်းထောင့် မီးပွိုင့်အနီးရှိ တောင်ဥက္ကလာပရဲစခန်းအနီးတွင် CNG ဂက်စ်ထည့်ကာမောင်းနှင်သည့် တက္ကစီတစ်စီး မီးလောင်ခဲ့ကာ ၈နာရီ ၃၇မိနစ်ခန့်၌ မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
“ ပေါက်ကွဲမှုဖြစ်တာမဟုတ်ပါဘူး။ ကားမီးလောင်တာပါ။ ၃ ယောက်ပါတာ ၂ ယောက်လုံးသေသွားတယ်။ ကျန်တဲ့တယောက်က အပြင်ရောက်ပြီး ဆေးရုံကားနဲ့ ခေါ်သွားတယ်။ ရဲစခန်းရှေ့တည့်တည့်ပဲ ပိုးထည်တိုက်အိမ်ရှေ့ ခြံစည်းရိုးမှာ ကပ်လောင်နေတာ၊ ကားလမ်းမပေါ်လည်း မီးအစက်တွေ တစ်တန်းကြီး ကျပြီး လောင်နေတာ” ဟု သစ္စာလမ်းအနီးနေပြည်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယင်းကားမီးလောင်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်းသာ ထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင် ယာဉ်မောင်းနှင့် ခရီးသည် တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူတစ်ဦးရှိခဲ့ကြောင်းMPA၏ သတင်းရင်းမြစ်ကပြောသည်။
“ နှစ်ဦးလုံးပွဲချင်းပြီးပါ။ အသက်ရှင်တဲ့သူကလည်း ကြာကြာခံမယ်မထင်ဘူး။ လက်တွေခြေတွေ ကြေမွသွားတာဆိုတော့။ ရဲတစ်ဦးက မီးငြှိမ်းပေးနေသေးတယ်။ အရေးပေါ်ကားတွေရောက်လာတော့ ရဲတွေတစ်ယောက်မှ မထွက်လာတော့ဘူး” ဟု ၎င်းကပြောသည်။
ကားမီးလောင်မှုဖြစ်စဉ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရဲစခန်းသို့ ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ကနဦးထင်မြင်ခဲ့ကြပြီး ကျယ်လောင်သောပေါက်ကွဲသံ၃ချက်ကြားခဲ့ကြောင်း MPAက စုံစမ်းသိရသည်။