စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီတပ်က ရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာ ၆ ရွာမှ စားနပ်ရိက္ခာများကို လုယက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မင်းကံကြီးရွာက စာသင်ကျောင်းပါမကျန် မီးရှို့ခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲတွင် လက်ပံလှရွာကို မီးထပ်ရှို့ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် လောင်းရှည်ရွာထဲသို့ ထပ်သွားကာ ညပိုင်းအထိ မီးရှို့ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“ဒီနေ့အထိ ရွာတွေပတ်လည် အကုန်ပြေးနေရတာချည်းပဲဆိုတော့ မီးလောင်သွားတဲ့ အိမ်အရေအတွက် မသိရသေးဘူး။ ကိုယ့်ရွာကိုယ် မပြန်နိုင်သေးတဲ့ သူတွေလည်း များတယ်”ဟု ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြောင်းပြချက်မရှိဘဲ စိတ်ထင်သလို မီးရှို့နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီ ၁၁ ရက်မှစ၍ မဒေါင်းလှရွာ ပျူစောထီးများနှင့် ပူးပေါင်းကာ စောကြီးကျေးရွာနှင့် သေနပ်စိန်ကျေးရွာတို့ရှိ မီးလောင်ပြင်မှ မီးဘေးသင့်ပြည်သူများ၏ ထန်းရွက်တဲတချို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။
ထို့နောက် အင်ကြင်းပင်ရွာ နှင့် ဖန်းခါးကုန်းရွာများရှိ ဒေသခံများအား လက်နက်ပြ ခြိမ်းခြောက်၍ တစ်အိမ်တစ်ယောက်နှုန်း ခေါ်ယူကာ ဆန်၊ဆီ၊မြေပဲစသည့် စားသောက်ကုန်များကို မဒေါင်းလှပျူစောထီးရွာသို့ အကြမ်းဖက် ယူဆောင်သွားခဲ့ကြကြောင်း ဖေဖေါ်ဝါရီ၁၁ရက်နှင့် ၁၂ရက် တို့တွင်လည်း ပင်တင်းကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ကွမ်းတိုင်းကျေးရွာနှင့် မင်းကံကြီးကျေးရွာတို့သို့ ဝင်ကာ ထိုကျေးရွာများမှ ပြည်သူပိုင် စားသောက်ကုန်များအား မကျီးတုံ ပျူစောထီးရွာသို့ လုယက်သွားကြကြောင်း သိရသည်။
ခင်ဦးမြို့နယ်မြောက်ခြမ်း၊ အရှေ့ခြမ်းနှင့် အရှေ့တောင်ခြမ်းရှိ ဒေသခံများသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ စ၍ အလှည့်ကျ စစ်ဘေးရှောင်နေရပြီး စားစရာရိက္ခာများ လိုအပ်နေသလို နေစရာနှင့် အဝတ်အထည်များ လိုအပ်နေ ကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်ထဲက မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို စစ်အုပ်ချုပ်ရေးကျင့်သုံးကြောင်း ဖေဖော်ဝါရီလ (၂) ရက်နေ့က ကြေညာခဲ့သည်။