ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အိမ်စီးကားတစ်စီး မိုင်းထိကာ ၄ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်းထံက သိရသည်။
ယနေ့ မွန်းလွဲ ၂နာရီခန့်က လွိုင်ကော်မှ ထွက်ခွာလာသည့် အမျိုးသား ၆ ဦး လိုက်ပါလာသော ကားတစ်စီးသည် ဇရပ်ဖြူရွာလမ်း အကျော်တွင် မြေမြှပ်မိုင်းထိကာ တစ်စစီ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်း ဒုဥက္ကဌ ကိုအောင်မိုးမြင့် က အတည်ပြုသည်။
“ ၄ မိုင် စံပြကျေးရွာဘေးကနေ သွားရတာ။ ဇရပ်ဖြူ-နန်းဟူထွေလမ်းပေါ့။ အဲ့မှာ မိုင်းနင်းမိတာ။ ကားကတောင် တစစီ ဖြစ်သွားတာဆိုတော့ အလောင်းတွေက ရစရာကို မရှိဘူး။ ခေါင်းပျက်တာတွေ ဗိုက်ပေါက်တာတွေ ခြေပျက်တာတွေက ဖြစ်တဲ့နေရာနဲ့ တော်တော်လှမ်းတဲ့အထိ ပြန့်နေတာ” ဟု ၎င်းကသည်။
အထက်ပါ အိမ်စီးကားထိသည့် မိုင်းအား မည်သည့်အဖွဲ့က ထောင်ထားသည်ကို MPA အနေဖြင့် တိတိကျကျ အတည်မပြုနိုင်သေးပေ။
“ အသက်ရှင်ခဲ့တဲ့ နှစ်ယောက်ထဲက တစ်ယောက်နဲ့ ပြန့်ကျဲနေတဲ့အလောင်းတွေထဲက ၃လောင်းကို ကျွန်တော်တို့ပို့တယ်။ ကျန်တဲ့အသက်ရှင်တဲ့သူနဲ့ အလောင်းတစ်လောင်းကို ရွှေညောင်ပင် ပရဟိတအသင်းကနေ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူ ၄ ဦး အနက် ၃ ဦး မှာ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်နှင့် ကိုစိန်မင်းတို့ ဖြစ်ကြောင်းသိရပြီး ကျန်အသက်ရှင်သူ နှစ်ဦးနှင့် သေဆုံးသူတစ်ဦးတို့၏ အမည် နှင့် လိပ်စာကို စုံစမ်း၍မရသေးပေ။