ရန်ကုန်မြို့တွင် Passport မှောင်ခိုဈေးကွက်ပေါ်ပေါက်နေပြီး လိမ်လည်မှုများလည်းရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ တတိယပတ်မှစတင်၍ ရန်ကုန်မြို့၊ ရန်ကင်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပြီး ယနေ့တိုင်ပြန်မဖွင့်သေးရာယခုအခါ Passport မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအသိုင်းအဝိုင်းထံက သိရသည်။
“ အခုအလိမ်ခံရသူက ကျွန်တော်အပါအဝင်ဆို ၅၀ကျော်လောက်ရှိတယ်။ရုံးထဲကသူတွေနဲ့သိတယ်ဆိုပြီး ပွဲဈေးတွေကပြောတာ။မှောင်ခိုဈေးကွက်ကနေလုပ်ပေးမယ်ပေါ့။နှစ်သိန်း သုံးသိန်းပေးတဲ့သူအချို့တော့ ဇန်နဝါရီလ ၁၀ရက်နေ့ကရပေမယ့် နောက်ပိုင်းလူတွေကျ မရတော့ဘူး။ကျွန်တော်ဆို တစ်သိန်းနှစ်သောင်းပါသွားတာ” ဟု Passportသွားရောက်လုပ်ကိုင်သူတစ်ဦးက ပြောသည်။
နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ကိုဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းခဲ့ပြီး Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိလွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ် ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ပိတ်ထားခြင်းဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင် Passport လုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်မှုများစွာဖြစ်ပေါ်နေသည့် ရန်ကင်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးဝန်ထမ်းတစ်ဦးအား MPAက မေးမြန်းရာ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရောက်မည့်သူများနှင့် MOUစနစ်ဖြင့်သွားရောက်လုပ်ကိုင်မည့်အလုပ်သမားများကိုသာ နိုင်ငံကူးလက်မှတ်ထုတ်ပေးလျက်ရှိကြောင်း အတည်ပြုသည်။
“ အခုချိန်မှာ ဘုရားဖူးနဲ့ MOUသမားတွေပဲဖွင့်ပေးတယ်။ကျန်တာလုပ်ပေးမယ်ဆိုရင်တော့ လိမ်တယ်ပဲမှတ်ပါ။MOUနဲ့သွားမယ့်လူတွေဆို ကုမ္ပဏီက အချက်အလက်နဲ့နေပြည်တော်ကို စာတင်ရတယ်။နှစ်ပတ်လောက်နေမှ နေပြည်တော်က စာကျတယ်။အဲ့တော့မှ စာအုပ်လုပ်ပေါ့။ဆယ်ရက်လောက်ကြာမှ နိုင်ငံကူးလက်မှတ်ရမှာ။ဘုရားဖူးသမားတွေလည်း တူတူပါပဲ” ဟု၎င်းကပြောသည်။
MOU အလုပ်သမားများကို Passport ထုတ်ပေးသည်ဆိုခြင်းမှာလည်း အပြောသာရှိပြီး လက်တွေ့ တွင်မူ ငွေပေးနိုင်မှ ရမည့် အနေအထားရှိနေကြောင်း ရန်ကုန်မြို့တွင်းရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်သူများနှင့် သက်တမ်းတိုးလိုသူများကို ငွေကျပ်တစ်သိန်း နှစ်သောင်းမှ သုံးသိန်းကြားရယူပြီး Passport မှောင်ခိုဈေးကွက်ဟု အမည်ပေးထားသည့် နေရာမှ လုပ်ပေးနေသူများရှိသလို ငွေကြေးရယူကာ လိမ်လည်သွားသည့် ပွဲစားများလည်းရှိကြောင်း MPAက စုံစမ်းသိရသည်။