ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းအပါအဝင် ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာကြောင်း ရခိုင်ဒေသခံများက MPA သို့ ပြောသည်။
“ခိုးတာတွေက တော်တော်ကို ဖြစ်လာတာ။ ဈေးဆိုင်တွေဆိုလည်း ဖောက်တယ်။ အိမ်တွေကိုလည်း ဝင်ခိုးတယ်။ ဆိုင်ကယ်တွေ စက်ဘီးတွေဆိုလည်း အခိုးခံရလို့ ပါသွားကြတာ မနည်းဘူး။ အလုပ်အကိုင်တွေကရှားပြီး စီးပွားရေးတွေကလည်း အဆင်မပြေကြတဲ့အပြင် ကုန်ဈေးတွေက အဆမတန်တက်လာတော့ တချို့သူတွေက အိမ်တွေ ဆိုင်တွေကို ဝင်ခိုးကြတာ။ ခိုးမှုတွေကို တိုင်ပြန်ရင်လည်း တိုင်တာပဲရှိတယ်။ ဘာမှ မထူးခြားဘူး”ဟု မြောက်ဦးမြို့နယ် မောင်ရွှီကန်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ယင်းသို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုဆိုပြီး ခိုးဆိုးလုယက်မှုများအား သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိကြောင်း သိရသည်။
“လက်လုပ်လက်စားတွေကျတော့ အခုတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ဆို မတက်နိုင်တော့ ပိုဒုက္ခရောက်တာပါ့။ ခိုးတဲ့သူတွေကလည်း ရွှေငွေမှ မဟုတ်ဘူး။ ဘာဖြစ်ဖြစ် ရသမျှကို ခိုးကြတာပေါ့။ အရင်တုန်းကဆို ဒီလိုခိုးတာတွေ မရှိဘူး။ တခြားဒေသတွေမှာပဲ အိမ်ဖောက်တာတွေ ဆိုင်ဖောက်တာတွေပဲ ကြားဖူးတာ။ အခုနောက်ပိုင်းမှသာ ခိုးမှုတွေက ဒီဘက်မှာလည်း ပိုဖြစ်လာတာ”ဟု မြောင်းဘွေရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖြစ်ပေါ်နေသော ခိုးမှု၊ လုယက်မှုများအား သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်တန်းကာ အမှုဖွင့်သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှာဖွေစုံစမ်းမှုများ လုပ်ပေးခြင်းမရှိကြောင်းလည်း သိရသည်။ ပစ္စည်းပြန်လည် မရရှိသည်က များနေသည့်အတွက် ယခုနောက်ပိုင်းတွင် တိုင်တန်းမှုများပင် မလုပ်ကြတော့ကြောင်း စုံစမ်းသိရှိရသည်။