စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်မှုထမ်းရန်ဟုဆိုကာ စစ်ကောင်စီက လူငယ် ငါးဦးထက်မနည်း ထပ်မံဖမ်းဆီးခဲ့ ကြောင်း ရေဦးမြို့ခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၃၀ရက်၊ ည ၇နာရီ မိနစ် ၃၀ခန့်တွင် စစ်ကောင်စီတပ်သားများက ရေဦးမြို့ပေါ်ရပ်ကွက်များသို့ ဝင်ရောက်ပြီး ပြာကုန်းတိုးချဲ့ရပ်ကွက်ရှိ လူငယ် ငါးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရေဦးမြို့ခံတစ်ဦးက ပြောသည်။
“ ပျူတွေကို သေနတ်တွေပေးပြီး မြို့ထဲမှာ ခြေလျင်ပတ်နေကြတာ၊ ည ၇နာရီခွဲလောက်မှာ သံလမ်းအဟောင်းဘက်ကနေ ပြာကုန်းဘက်ကို ဝင်လာပြီးတော့ လူငယ်တွေကို ဝင်ဆွဲတာ၊ ငါးဦးပါသွားတယ်” ဟု ရေဦးမြို့ခံတစ်ဦးက MPA သို့ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်သားများသည် ရေဦးမြို့၊ ရွှေပြည်သာ ရပ်ကွက်သို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်ပြီးနောက် လူငယ်များကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ရေဦးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ ပြာကုန်းကအပြန်မှာ ရွှေပြည်သာရပ်ကွက် မြောက်ဘက်ကနေ သေနတ်တွေနဲ့ ဖောက်ပြီး ဝင်လာတာ၊ သေနတ်သံနဲ့ဆိုတော့ ဘယ်လောက်ပါသွားတယ်ဆိုတာကို မသိရဘူး။ လူငယ်တွေ ပါတော့ပါသွားတယ်။ နောက်ပြီး အရင်ရက်က ဖမ်းခံရတဲ့သူတွေကိုလည်း ပုံစံ ဆံပင်ကေတွေကိုက်ထားပြီးပြီ၊ အခုဖမ်းခံရတဲ့ သူတွေကိုရော အကုန် အထက ၁ ထဲမှာ ထားထားတယ်” ဟု ၎င်းကပြောသည်။
ရေဦးမြို့ပေါ်တွင်သာမက တစ်နိုင်ငံလုံးတွင် စစ်မှုထမ်းရန်အကြောင်းပြချက်ဖြင့် လူငယ်များအား လိုက်လံဖမ်းဆီးနေခြင်းကို တော်လှန်ရေးရဲဘော်တစ်ဦးက ” ရန်သူက အမြဲ ရန်သူပီသတာပဲ၊ သူ့အလုပ်သူ ပုံမှန်လေးလုပ်နေတာ၊ ကျတော်တို့ ပြည်သူတွေအနေနဲ့ သတိကြီးကြီးထားပြီး ရှောင်ရှားကြဖို့ပါ” ဟု မှတ်ချက်ပြုသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၉ရက် ကလည်း ရေဦးမြို့ ရွှေပြည်သာရပ်ကွက် ၊ အောင်မင်္ဂလာရပ်ကွက် ၊ အောင်ချမ်းသာရပ်ကွက် ၊ အောင်ဆန်းရပ်ကွက် ၊ ဗိုလ်အောင်ဇေယျရပ်ကွက် တို့မှ လူငယ်အမျိုးသား ၂၄ဦးကို စစ်မှုထမ်းရန် အကြောင်းပြချက် ဖြင့် စစ်တပ်က ဖမ်းဆီးခဲ့သေးသည်။