ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်၊ ရွှေကျီးနားဘုရားလမ်းရှိ NLD လွတ်တော်အမတ် ဦးဇော်သင်း၏ နေအိမ်ကို ယနေ့ (ဇန်နဝါရီ ၂၄ ရက်)၊ မနက် ၃နာရီခန့်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
“ ဦးဇော်သင်းက သူ့နေအိမ်ကနေ ရှောင်နေတာ အတော်ကြာပြီ၊ အိမ်ကလည်း ၂၀၂၂ ကတည်းက ချိတ်ပိတ်ခံထားရတာ၊ အခုတော့ စစ်ကောင်စီက မီးလာရှို့လို့ ပြာပုံပဲကျန်တော့တယ်” ဟု ဗန်းမော်မြို့ခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ဦးဇော်သင်းသည် ၂၀၁၅ ခုနှစ်တွင် ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ၌ ပြုလုပ်သည့် ရွှေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရှိထားသူ ဖြစ်သည်။
“ ဦးဇော်သင်းအိမ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့တယ် ထင်တယ်ဗျ၊ အိမ်ကနေ စလောင်တာမဟုတ်ဘဲ ဘေးခြံစည်းရိုး ကနေစပြီး မီးလောင်တာ” ဟု ဖြစ်စဥ်ကို သိရှိသူ အမျိုးသားတစ်ဦးက ရှင်းပြသည်။
မီးရှို့ခံရမှုကြောင့် နေအိမ်တစ်ဆောင်လုံး ပျက်စီးခဲ့ပြီး၊ အိမ်တိုင်များသာ ကျန်ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက်တွင်လည်း ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့သေးသည်။