စစ်ကိုင်းတိုင်းအတွင်းတွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ရင်း/တပ်ဖွဲ့များကို ဖက်ဒရယ်လစ်ဇင်နှင့် နိုင်ငံရေးသင်တန်းများ ပေးနေကြောင်း စုံစမ်းသိရှိရသည်။
သင်တန်း၏ ရည်ရွယ်ချက်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဖက်ဆစ်စစ်တပ်ကဲ့သို့ မဖြစ်စေရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အဓိကက ဖက်ဆစ်စစ်တပ်လို မဖြစ်သွားအောင် အဲ့ဒီလို အကြောင်းအရာတွေကို ကျွန်တော်တို့လက်ရှိမှာ ပြောနေတယ်။ အရေးကြီးတယ်။ တပ်ရင်းတပ်ဖွဲ့တိုင်းမှာ ဒီလိုတွေ လိုအပ်နေတယ်ဆိုတာကို သိစေချင်တယ်”ဟု သင်တန်းဉီးဆောင်သူ တစ်ဉီးက MPA သို့ ရှင်းပြသည်။
ထို့ကြောင့် သင်တန်းတွင် Chain of Command နှင့် Code of Conduct အကြောင်းများကို သင်တန်းပေး ပြောပြနေခြင်းဖြစ်သလို ကာကွယ်ရေးတပ်ဖွဲ့များနှင့် တပ်ရင်းခေါင်းဆောင်ပိုင်းတွေကိုပါ ဝင်ရောက်ပြောကြားခိုင်းပြီး နိုင်ငံရေးအသိကို ထည့်ပေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထိုသင်တန်းကို မန္တလေးနှင့် မုံရွာ သပိတ်ခေါင်းဆောင်များက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းအတွင်းတွင် သင်တန်းပို့ချနေခြင်းဖြစ်သည်။
လက်ရှိတွင် မုံရွာမြို့နှင့် ချောင်းဦးမြို့နယ်များမှ တပ်ရင်းများ၊ ပကဖများနှင့် ချိတ်ဆက်ပြီး သင်တန်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။