21 April 2023 By MPA CJ 022
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီနှင့် နှီးနွယ်သည်ဟု ယူဆရသော အဖွဲ့အစည်းများမှ ပရဟိတ လုပ်ဆောင်မှုများ ရှိလာသည့်အတွက် နောက်လုပ်ဆောင်မည် ဆိုလျှင် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခွင့်ပြုချက် တောင်းခံရမည်ဟု ယနေ့ ဧပြီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အပေါ် မြေပြင်ရှိ တော်လှန်ရေးအင်အားစုများအကြား ထုတ်ပြန်ချက်အပေါ် ဝေဖန်မှုများ ရှိနေသည်ဟု စုံစမ်းသိရသည်။
ထုတ်ပြန်ချက်တွင် အမျိုးသားညီညွှတ်ရေး အစိုးရ၏ ကြားကာလပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အား အကြောင်းကြားခြင်း မရှိ၊ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဆားလင်းကြီးမြို့နယ်အတွင်း ပြင်ပအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံး အစည်းအဝေးများ သင်တန်းများ ကမ်ပိန်းများ လုံး၀ မပြုလုပ်ရန် တားမြှင့်ထားသည့် စာတစောင်ကို အမျိုးသား ညီညွှတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“ ညီညွတ်ရေးအရ ဘာမှမပြောခဲ့ပေမယ့် တကယ်ပြောရရင်တော့ NLD ပါတီအခြေပြု ဖွဲ့စည်းထားတဲ့ ပကဖ၊ပအဖ၊ပလဖ ပြဿနာဟာ ဒီတိုင်း လစ်လျူရှုထားလို့ မရတော့တဲ့ အနေအထားရောက်လာပြီထင်တာပဲ။ အခုတောင် လက်ဝေခံတည်ဆောက်ချင်ရတာနဲ့ အာဏာပြချင်ရတာနဲ့ သူတို့အောက်မဟုတ်ရင် ဝင်တိုက်/ဖမ်းဆီးရတာနဲ့ ကြာရင် ဖက်ဆစ်စရိုက်အပြည့်နဲ့ စနစ်သစ်ကြီးပေါ်လာပါဦးမယ်။ စိုးရိမ်မိပါတယ်။ “ ဟုတ် တက်ကြွလှုပ်ရှားသည့်လူငယ်တစ်ဦးကဆိုသည်။
ယင်းထုတ်ပြန်ချက်သည် မြေပြင်ရှိ တော်လှန်ရေး အင်အားစုများအတွက် အတားအဆီး ဖြစ်နိုင်သလို ၎င်းတို့ လှုပ်ရှားမှုတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနိုင်ကြောင်းကို ဝေဖန်မှုများ မြင့်တက်လာသည့်အတွက် အဲ့ဒီအပေါ် နားလည်မှု မလွဲကြရန် ဆားလင်းကြီးမြို့နယ် လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မချောစုဟန်က ယခုလို ရှင်းပြသည်။
“အခု ပြဿနာက စစ်ကောင်စီနဲ့ ပေါင်းပြီး နှစ်ဖက်နင်းပြီး ဝင်လာတဲ့ အန်ဂျီအို လို အဖွဲ့အစည်းမျိုးက မြို့နယ်ကို အသိမပေး ခွင့်မတောင်းဘဲ ကျန်းမာရေးစစ်ဆေးပေးတာတွေ ဆေးထိုးတာတွေ ဝင်လုပ်တယ်။ သူတို့က သူနာပြုလဲ မဟုတ်ဘူး၊ ဆေးမှူးလဲ မဟုတ်ဘူး၊ တရားဝင် ဘာလက်မှတ်မှ မရှိဘူး၊ အခုမှ ဆေးသင်တန်းဆင်းတွေပါ။ အဲ့ဒါကြောင့် စာထုတ်ပြန်တာလို့ သိရတယ်။ စာအရေးအသားလွဲလို့ အခုလို နားလည်မှုတွေ လွဲနေတာပါ “ ဟု မချောစုဟန်က ဆိုသည်။
ဆားလင်းကြီးမြို့နယ် ပအဖ အနေနှင့်လည်း နားလည်မှု လွဲသွားရမည့် အပေါ် “ ဖော်ပြပါကြေငြာချက်မှာ သပိတ်ဦးဆောင်ကော်မတီများအားဦးတည်ရည်ရွယ်ပြောလိုရင်းမဟုတ်ပါ။မြို့နယ်တွင်းအချို့သောအဖွဲ့အစည်းများ စကစနှင့်နှီးနွယ်၍ တော်လှန်ရေးပုံရိပ်ကျစေသောမြေပြင်အခြေအနေများကြောင့် ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါသည်ခင်ဗျ။ “ ဟု ပြန်လည် တောင်းပန်ထားသည်။
ဆားလင်းကြီးမြို့နယ်ပအဖအနေဖြင့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊လက်ပံတောင်းတောင်ပင်မသပိတ်တို့ဖြင့် လက်တွဲလုပ်ဆောင်ခဲ့သည့်ပုံရိပ်များအား၄င်းတို့၏Pagesများမှာ၀င်ရောက်လေ့လာနိုင်ပြီး သပိတ်များဖော်ဆောင်နိုင်ရန်လည်း ပူးပေါင်းကူညီအားဖြည့်ပေးခဲ့ကြောင်း ယခုကဲ့သို့ နားလည်မှုလွဲ၍ သဘောထားကွဲလွဲရခြင်းအပေါ်အထူးပင်တောင်းပန်အပ်ကြောင်း ဆွေးနွေးညှိနှိုင်းလိုပါက page messengerတွင် လာရောက်ဆွေးနွေးစေလိုကြောင်း ပြန်လည်ထုတ်ပြန်ထားသည်။
တော်လှန်ရေး အင်အားစုများ၏ ဝေဖန်မှုတွင် အမျိုးသား ညီညွှတ်ရေး အစိုးရ လက်အောက်ရှိ မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ အနေနှင့် အများ သတိထားနိုင်မည့် နေရာ ဖော်ပြချက်များပါသည့် ထုတ်ပြန်ချက်မျိုးတွေ မထုတ်သင့်ကြောင်းကိုလည်း ဝေဖန်ထောက်ပြထားကြသည်။