By MPA 008
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုမျိုးမင်းဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ဖမ်းဆီးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦးသည် ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်၊ ရပ်တော်မူဘုရားအနီးရှိ အလုပ်ရုံ၌ ဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသား ဟောင်းများထံမှ သိရသည်။
ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “ အလုပ်ရုံထဲမှာ လာရောက်ဖမ်းဆီးသွားတာပါ။ ဘာကြောင့်လာဖမ်းတယ်ဆိုတာ တိတိကျကျ မသိရသေးဘူး ” ဟု ပြောသည်။
ကိုမျိုးမင်းဦးသည် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလဆန်းပိုင်းတွင် ဆန္ဒပြလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး ခြောက်လခန့်အကြာတွင် အမိန့်ချခံရပြီးနောက် အောက်တိုဘာလတွင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်လာခဲ့သူတစ်ဦး ဖြစ်သည်။
ထိုသို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ လက်ရှိတွင် ပြန်လည်ဖမ်းဆီးခံနေရ၍ မိသားစုနှင့်အတူ အေးအေးဆေးဆေးနေထိုင်နေသည့် အခြားသော နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း မြို့ပေါ်တွင် ဆက်လက်နေထိုင်ရန် မလုံခြုံတော့ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အသိုင်းဝိုင်းထံမှ သိရသည်။
အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင်လည်း တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်နေ ကိုဝေယံချမ်းမြေ့ဆိုသူလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ထားဝယ်မြို့ပေါ်၌ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံရမှုများ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်အကြောင်းပြချက်ဖြင့် မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက် ဖျက်ဆီးဖမ်းဆီးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။