ဇူလိုင် ၂၇ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီခွဲ ဝန်းကျင်တွင် ရန်ကုန်မြို့ရှိ ကိုဂျင်မီနေအိမ်နှင့် ကိုဇေယျာသော်နေအိမ်ကို အမည်မသိ လူအယောက် ၂၀ ကျော်လောက်က လာရောက်ပြီး အိမ်ရှေ့ကနေဆဲဆိုအော်ဟစ်ကာ အိမ်အတွင်းကို ကျောက်ခဲ၊ ကြက်ဥများဖြင့် ပစ်ခတ်ခဲ့သလို အိမ်တွင်းရှိ လူများကို ထွက်ခဲ့ရန် စိန်ခေါ်ခဲ့ခြင်းကိုလည်းပြုလုပ်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းတွင်ရှိသည့် ကိုဖြိုးဇေယျာသော်၏ မိဘများနေထိုင်ရာ နေအိမ်တိုက်ခန်းကို အမည်မသိလူတစ်စုက ခဲများဖြင့် လာရောက်ပစ်ခတ်ကာ ယုတ်ရင်းကြမ်းတမ်းသည့် ဆဲဆိုမှုများကိုလည်း ကျယ်လောင်စွာ အော်ဟစ်ပြောဆိုခဲ့ကြသည်။
အွန်လိုင်းတွင် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်တွင် အမည်မသိ လူ ၄၀ ဝန်းကျင်သည် ပါးစပ်မှ “သစ္စာဖောက်” ဟု ယုတ်ရင်းကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခဲ့ကြပြီး တိုက်ခန်းရှိရာသို့ ခဲများဖြင့် ပေါက်ခဲ့ကြခြင်းဖြစ်သည်။
“ ဇေယျာသော်ဖခင်အိမ်ကို ခဲနဲ့လာထုသူတွေဟာ လိုက်ထရပ်နဲ့ လာပြီး လိုက်ထရပ်နဲ့ပြန်သွားတဲ့ မဘသတွေ၊ စွမ်းအားရှင်တွေ၊ ပျူစောထီးတွေ၊ ဒီလူတွေက သီတဂူရယ်၊ ဝီရသူရယ်၊ မအလရယ်မွေးထားတဲ့ ကလေကချေတွေပဲ “ ဟု စစ်အာဏာရှင်တော်လှန်နေသူတစ်ဦးဖြစ်သည့် မောင်စိမ့်က မှတ်ချက်ပြုသည်။
ယင်းဖြစ်စဉ်အပြီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်လူမှုကွန်ရက်တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်မှ ကိုဇေယျာသော်၏ နေအိမ်သာမက အင်းစိန်ရှိ ကိုဂျင်မီ(ခ) ကိုကျော်မင်းယု၏ ဇနီးဖြစ်သူ မနီလာသိန်း နေထိုင်သည့်နေအိမ်ကိုပါ ယခုကဲ့သို့ လုပ်ဆောင်သင့်ကြောင်း လှုံ့ဆော်ရေးသားခဲ့သည်ကို တွေ့ရှိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ (၄) ဦးကို ကွပ်မျက်စီရင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ နေရာအချို့တွင် ငါးယောက်နှင့်အထက် လူမစုရဟု အကြမ်းဖက်စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် နေ့ခင်းကြောင်တောင်၊ လူအုပ်စုဖွဲ့ကာ ဥပဒေမဲ့ ရမ်းကားပြောဆို ပြုမှုများကို လုပ်ဆောင်နေကြခြင်းဖြစ်ပြီး တားဆီးမည့်သူများလည်း မရှိခဲ့ပေ။